
အမေရိကန်တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်ပ် ချမှတ်ထားတဲ့ အခွန်ကောက်ခံမှုကို ပယ်ဖျက်ပြီးတဲ့နောက် မရေမရာမှုကြောင့် အိန္ဒိယက ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ကို အခုအပတ်မှာ ဝါရှင်တန်မြို့တော်ဆီလွှတ်မဲ့ အစီအစဉ်တွေကို ရွှေ့ဆိုင်းလိုက်တယ်လို့ အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီးဌာန သတင်းရင်းမြစ်တခုက ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောပါတယ်။
နိုင်ငံအားလုံးကနေ အမေရိကန်ဆီ တင်သွင်းကုန်တွေအပေါ် ဥပဒေအရ ခွင့်ပြုထားတဲ့ အများဆုံး ယာယီအခွန်အဖြစ် ၁၅ ရာခိုင်နှုန်း ကောက်ခံဖို့ ထရမ့်ပ်ရဲ့ ဖေဖော်ဝါရီ ၂၁ ရက်က လှုပ်ရှားမှုကို တရားရုံးက ပယ်ချအပြီးမှာ အိန္ဒိယရဲ့ ရွှေ့ဆိုင်းမှုဟာ အာရှနိုင်ငံတွေအကြား ပထမဆုံးသော ခိုင်မာတဲ့ တုံ့ပြန်ချက်တွေထဲက တခု ဖြစ်လာပါတယ်။
ဒီကိစ္စက ထိလွယ်ရှလွယ်ဖြစ်လို့ နာမည်မဖော်ချင်တဲ့ သတင်းရင်းမြစ်က နှစ်နိုင်ငံ အရာရှိတွေကြား ဆွေးနွေးမှုတွေအပြီးမှာ ခရီးစဉ်ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ခရီးစဉ်အတွက် ရက်စွဲအသစ်ကို မဆုံးဖြတ်ရသေးဘူးလို့လည်း သူက ဆက်ပြောပါတယ်။
သောကြာနေ့ ဆုံးဖြတ်ချက်အပြီး အကောက်ခွန်ကောက်ခံမှုတွေနဲ့ ပတ်သက်တဲ့ မရေမရာမှုကြောင့် အဓိကအားဖြင့် ရွှေ့ဆိုင်းတာလို့လည်း သူက ထပ်လောင်းပြောခဲ့ပါတယ်။
အိန္ဒိယအစိုးရက ရုရှားရေနံဝယ်ယူမှုနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယပို့ကုန်တချို့အပေါ် အမေရိကန် အစိုးရက ၂၅ ရာခိုင်နှုန်း ပြစ်ဒဏ်ပေး အခွန်လျှော့ချဖို့ မူဘောင်တခုကို နှစ်နိုင်ငံစလုံးက သဘောတူပြီးတဲ့နောက် ကြားကာလ ကုန်သွယ်ရေးသဘောတူညီချက်ကို အပြီးသတ်ရေး ဆွေးနွေးဖို့ ကိုယ်စားလှယ်အဖွဲ့က တနင်္ဂနွေနေ့မှာ အမေရိကန်နိုင်ငံဆီသွားဖို့ စီစဉ်ထားခဲ့တာပါ။
အိန္ဒိယ ကုန်ပစ္စည်းတွေအပေါ် အမေရိကန်ရဲ့ အခွန်တွေကို ၁၈ ရာခိုင်နှုန်းအထိ လျှော့ချဖို့ သတ်မှတ်ထားပြီး အိန္ဒိယက စွမ်းအင်ထောက်ပံ့မှုတွေကနေ လေယာဉ်နဲ့ အစိတ်အပိုင်းတွေ၊ အဖိုးတန်သတ္တုတွေနဲ့ နည်းပညာထုတ်ကုန်တွေအထိ အမေရိကန်ပစ္စည်းတွေကို ၅ နှစ်အတွင်း အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံတန်ဖိုး ဝယ်ဖို့ သဘောတူထားပါတယ်။
Source: Reuters


