
အမေရိကန်စစ်လေယာဉ်တွေကို ပေါ်တူဂီနိုင်ငံ အာဇိုးစ်ကျွန်းစု၊ တယ်စီရာကျွန်းပေါ်က လာဂျက်စ်လေတပ်စခန်းရဲ့ လေယာဉ်ပြေးလမ်းပေါ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က တွေ့ရပါတယ်။
အဲဒီနေ့မှာပဲ အမေရိကန်လေတပ်က အကြီးဆုံးနဲ့ စွမ်းရည်အရှိဆုံး မဟာဗျူဟာမြောက် ကုန်တင်လေယာဉ် C-5M စူပါဂလက်ဆီ လေယာဉ်တစင်းဟာ အရှေ့အင်္ဂလန်က (တော်ဝင်လေတပ်) RAF ရဲ့ မီလ်ဒန်ဟောလ်မြို့က လေဆိပ်မှာ ဆင်းနေတာကို တွေ့ခဲ့ရပါတယ်။
ဒီလေယာဉ်ဟာ ကမ္ဘာ့တိုက်ကြီးတွေကို ဖြတ်ကျော်ရတဲ့ အကွာအဝေးတွေမှာ တခြား ကုန်တင် လေယာဉ်တွေထက် ရဟတ်ယာဉ်တွေ၊ သံချပ်ကာယာဉ်တွေနဲ့ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေလို ကုန်ပစ္စည်းတွေကို ၂ ဆ ပိုသယ်နိုင်ပါတယ်။
အမေရိကန်လေယာဉ်တင်သင်္ဘော USS ဂျရယ်လ်အာရ်ဖို့ဒ်နဲ့ အစောင့်သင်္ဘောတစင်းကို ဖေဖော်ဝါရီ ၂၀ ရက်က ဂျီဘရော်လ်တာ ရေလက်ကြားမှာ တွေ့ခဲ့ရတဲ့ ဓာတ်ပုံတွေကို လူမှုမီဒီယာပေါ်မှာ မျှဝေထားပါတယ်။
အီရန်နဲ့ အမေရိကန်ကြား တင်းမာနေချိန်မှာ အရှေ့အလယ်ပိုင်းဆီ ဒုတိယမြောက် လေယာဉ် တင်သင်္ဘော USS ဂျရယ်လ် အာရ်ဖို့ဒ်ကို လွှတ်မယ်လို့ ဖေဖော်ဝါရီ ၁၂ ရက် နှောင်းပိုင်းမှာ သတင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။
ပထမဆုံး လေယာဉ်တင်သင်္ဘော USS အေဘရာဟင်မ်လင်ကွန်းနဲ့ ပဲ့ထိန်းဒုံးကျည်သုံး ဖျက်သင်္ဘော အမြောက်အမြားလည်း ဇန်နဝါရီလတည်းက အရှေ့အလယ်ပိုင်းကို ရောက်နေခဲ့တာပါ။
အီရန်အပေါ် အမေရိကန်ရဲ့ စစ်ရေးစီမံကိန်းက အဆင့်မြင့်အဆင့်ကို ရောက်ရှိနေပြီဖြစ်ပြီး ထရမ့်ပ်ရဲ့ အမိန့်အရ တိုက်ခိုက်မှု တစိတ်တပိုင်းအဖြစ် လူပုဂ္ဂိုလ်တွေကို ပစ်မှတ်ထားတာနဲ့ အီရန်အစိုးရပိုင်းမှာခေါင်းဆောင်မှု အပြောင်းအလဲကို ဆောင်ရွက်တာ အပါအဝင် ရွေးချယ်စရာတွေ ရှိတယ်လို့ အမေရိကန်အရာရှိ ၂ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အမေရိကန်ရဲ့ တပ်ဖြန့်ချထားမှု အတိုင်းအတာက အီရန်အပေါ် စပြီး အဓိကထိုးစစ်ဆင် တိုက်ခိုက် နိုင်စေတဲ့အပြင် စစ်စခန်းတွေ၊ မဟာမိတ်တွေနဲ့ အစ္စရေးကို တပြိုင်နက်တည်း ကာကွယ်နိုင်စွမ်းရှိစေတယ်လို့ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက အရာရှိတွေက ယုံကြည်ကြပါတယ်။
အီရန်အစိုးရရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကို သံတမန်ရေးအရ ဖြေရှင်းဖို့ အလားအလာတွေ မှေးမှိန်လာနေတာပါ။
၁၀ ရက်ကနေ ၁၅ ရက်အတွင်း သဘောတူညီချက်မရရင် ပြင်းထန်တဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်ကိုသတိပေးခဲ့ပါတယ်။
တိုက်ခိုက်ခံရရင် ဒေသတွင်းက အမေရိကန် အခြေစိုက်စခန်းတွေကို လက်စားချေမယ်လို့ အီရန်အစိုးရက ခြိမ်းခြောက်ခဲ့ပါတယ်။
ဗြိတိန်အစိုးရက အီရန်အပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကို ပံ့ပိုးဖို့ ဗြိတိန်စစ်စခန်းတွေကို သုံးခွင့်ကို အမေရိကန် ကို မပေးခဲ့ဘူးလို့ BBC က ဖေဖော်ဝါရီ ၁၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။
အမေရိကန်ဟာ အရင်က ဂလော့စတာရှိုင်းယားမြို့နယ်က RAF ဖဲရ်ဖို့ဒ် တပ်စခန်းနဲ့ အိန္ဒိယသမုဒ္ဒရာထဲက UK ရဲ့ ပြည်ပနယ်မြေ ဒီယေဂိုဂါစီယာ လေယာဉ်ကွင်းတို့ကို သုံးခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသကို တိုက်ခိုက်ခဲ့ဖူးပါတယ်။
Source: Reuters


