Home
မြန်မာသတင်း
အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့် မရှိသေးသည့် ဒုက္ခသည်များကို ဖမ်းဆီးစစ်ဆေးနိုင်သည့် ညွှန်ကြားချက် ထုတ်ပြန်
DVB
·
February 20, 2026
Photo :Reuters

အမေရိကန်ပြည်ထောင်စုမှာ တနှစ်ကြာ နေထိုင်ပြီးနောက် အမြဲတမ်းနေထိုင်ခွင့် ( Green Card) မရှိသေးတဲ့ နိုင်ငံတကာ ဒုက္ခသည်တွေကို လိုအပ်ရင် ဖမ်းဆီးစစ်ဆေးနိုင်တဲ့ ရုံးတွင်းညွှန်ကြားချက်ကို ဖေဖော်ဝါရီ ၁၈ ရက် နေ့စွဲနဲ့ အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) က ထုတ်ပြန်လိုက်ပါတယ်။

DHS ရဲ့ ကွပ်ကဲမှုအောက်မှာရှိနေတဲ့ အမေရိကန်နိုင်ငံသားဆိုင်ရာနဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (USCIS) နဲ့ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးထားတဲ့ ညွှန်ကြားချက်ဟာ အရင်သမ္မတဟောင်း ဂျိုးဘိုင်ဒင် လက်ထက်မှာ နိုင်ငံတကာကနေ ဒုက္ခသည်အဖြစ် ရောက်နေသူ အများစုအပေါ် သက်ရောက်လာဖို့ ရှိနေပါတယ်။

မြန်မာ့ဒီမိုကစီအရေးမဟာမိတ်များအဖွဲ့မှ မခင်သီရိနန္ဒာစိုးက “ပြောရမယ်ဆိုရင်တော့ သူတို့ ဖမ်းဆီးခွင့် ပေးလိုက်တာပေါ့။ ဒါ တရားဝင် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကိုပေါ့နော်။ အဲဒီတော့ ပြဿနာတွေကတော့ detention လို့ခေါ်တဲ့ ယာယီထိန်းသိမ်းထားတဲ့ဟာမျိုးတွေ လုပ်ခံရနိုင်တယ်၊ သူတို့စစ်ဆေးနေတဲ့ တလျှောက်လုံး detention စင်တာတွေမှာ သွားပြီးတော့ နေရတာမျိုးတွေ ဖြစ်နိုင်တယ်။ အရင်လို ၄၈ နာရီတို့ ဘာတို့ သတ်မှတ်တာမျိုးတွေ မရှိတော့ဘဲနဲ့ ကြာချင်သလောက် ကြာမယ်ဆိုတဲ့ အတိုင်းအတာမျိုး ဖြစ်နေတယ်ပေါ့။ အများကြီးနဲ့ဖြစ်မှာ။ ဒီလိုဖြစ်ခဲ့မယ်ဆိုရင် မင်နီဆိုးတား တခုတည်းမှာတောင်မှ Case ပေါင်း ၅,၆၀၀ လောက်ရှိတယ်။ ဒုက္ခသည်အများကြီးကို ထိခိုက်နိုင်တယ်။ ဒီအတိုင်းတော့ မဟုတ်ဘဲနဲ့ ပြန်ပြီးတော့မှ တရားဥပဒေဘက်ကနေပြီးတော့ ဒီကိစ္စတွေက လူအများကို ထိခိုက်နိုင်တယ်၊ လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင်လည်း မငြိမ်သက်မှုတွေ အများကြီး ဖြစ်လာနိုင်တယ်ပေါ့။ ဖက်ဒရယ်တရားသူကြီးတွေဆီမှာ တရားဥပဒေအရ ပြန်ပြီးတော့မှ​ တန်ပြန်တာမျိုးတွေလည်း အများကြီး ဖြစ်လာနိုင်ပါတယ်” လို့ ပြောပါတယ်။

မဲဆွယ်စည်းရုံးကာလတုန်းက ထုတ်ဖော်ပြောဆိုထားတဲ့ လူဝင်မှုကြီးကြပ်ရေးစည်းကမ်း တင်းကျပ်မဲ့ Project 2025 ပါ လုပ်ငန်းတွေကို သမ္မတထရမ့်ပ် အစိုးရက ဆက်တိုက် ဆောင်ရွက်နေတာပါ။

အမေရိကန်ပြည်ထောင်စုမှာ တရားဝင် ရောက်ရှိနေထိုင်တဲ့ နိုင်ငံတကာဒုက္ခသည်တွေဟာ အချိန်တနှစ်ကြာရင် အမြဲတမ်းနေထိုင်ခွင့်ကို လျှောက်ထားခွင့်ရှိတာပါ။

ဒုက္ခသည်တွေဟာ အစိုးရရဲ့ခွင့်ပြုချက်နဲ့ တရားဝင် လာရောက်သူတွေ ဖြစ်တဲ့အတွက် အရင်အစိုးရတွေတုန်းကတော့ အခုလို ဖမ်းဆီးစစ်ဆေးတာမျိုး ပြုလုပ်လေ့ မရှိခဲ့ပါဘူး။

မြန်မာ့အရေးဆောင်ရွက်သူ ဦးရင်အေးက “သူ့ရဲ့လုပ်ငန်းစဉ်အတိုင်း၊ သတ်မှတ်ထားတဲ့ ဥပဒေအတိုင်းကို တရားဝင်ဖြစ်အောင် လျှောက်ထားသင့်တယ်ပေါ့နော်။ တချို့ကလည်း အမှုမဲ့ အမှတ်မဲ့နဲ့ တကယ်ဂရုမစိုက်မိဘဲ မလျှောက်မိတာတွေ အများကြီးရှိတယ်၊ ကျနော်တို့ မြန်မာအသိုက်အဝန်းမှာ။ ဘာပဲဖြစ်စေ ကျွမ်းကျင်သူတွေနဲ့ သေချာမေးမြန်း စုံစမ်းပြီးတော့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ စည်းကမ်းချက်အတိုင်း လျှောက်ထားတာတော့ အကောင်းဆုံး ဖြစ်မှာပေါ့နော်။ အထူးသဖြင့်တော့ ဒီတိုင်းပြည်မှာ ရောက်နေတဲ့အချိန်မှာ သောက်တာ စားတာ၊ မူးပြီး ကားမောင်းတာတို့ စသဖြင့် ဘာမဟုတ်တဲ့ အသေးလေးတွေကအစ ဂရုစိုက်သင့်တယ်။ ရာဇဝတ်မှု ကြီးကြီးမားမား မကျူးလွန်ကြဘူး ဆိုပေမဲ့ အသေးလေးတွေရှိတယ်။ တခါတလေမှာ ကိုယ့်မိသားစု ရန်ဖြစ်တဲ့ကိစ္စတွေ၊ ကလေးတွေအပေါ်မှာ ကြမ်းကြမ်းတမ်းတမ်း ဆုံးမမိတာတွေ၊ ဒါမျိုးတွေက ဒီမှာက အိမ်တွင်းအကြမ်းဖက်မှုလို့ခေါ်တယ်၊ ဒါတွေက ရာဇဝတ်မှုပဲ၊ ဒါတွေကို သတိထားသင့်တယ်။ အတတ်နိုင်ဆုံး ကိုယ့်ဘက်က သိုသိုသိပ်သိပ်နဲ့ ဥပဒေနဲ့ မလွတ်ကင်းတဲ့ဟာတွေ မလုပ်ရဘူး။ အခြေအနေကတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ မကောင်းတာပေ့ါနော်၊ ကိုယ့်မြန်မာတွေမှ မဟုတ်ပါဘူး။ တော်တော်များများကို သူ့ပေါ်လစီအရ နိုင်ငံခြားသား တော်တော်များများကို အထူးသဖြင့် ဒုက္ခသည်တွေ ဘာတွေကို သေချာစိစစ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်ဘက်က သတိဝီရိယ ထားပြီးတော့ နေကြတာတော့ အကောင်းဆုံးပါပဲ” လို့ ပြောပါတယ်။

US Immigration Law ပြဋ္ဌာန်းချက်တွေအရ ဆိုရင်တော့ နိုင်ငံ့ဥပဒေတွေကို ချိုးဖောက်သူတွေဟာ တရားဝင် အမြဲတမ်းနေထိုင်ခွင့် Green Card ဒါမှမဟုတ် ပြည်ဝင်ခွင့် (ဗီဇာ) ကို ရုပ်သိမ်းတာ၊ ပြည်နှင်ဒဏ်ပေးတာ စတဲ့ အရေးယူမှုတွေကို တရားရုံးက ဆောင်ရွက်နိုင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ မှတ်တမ်းတွေအရ ၂၀၂၄ ဘဏ္ဍာနှစ်အတွင်းမှာတင် မြန်မာဒုက္ခသည် ၂၀,၀၀၀ နီးပါးကို အမေရိကန်အစိုးရက ဝင်ရောက်ခွင့် ပြုထားတာပါ။ မြန်မာနိုင်ငံသားတွေရဲ့ ယာယီခိုလှုံခွင့် TPS အခွင့်အရေးကို အဆုံးသတ်ပေးဖို့ တရားရုံး အယူခံကာလအထိ ထရမ့်ပ်အစိုးရက ဆက်လက်တိုက်တွန်းနေပါတယ်။

TPS ကိစ္စမှာ Asian-American Legal Defence and Education Fund (AALDEF)၊  International Refugee Assistance Project (IRAP) နဲ့ Asian American and Pacific Islanders အဖွဲ့တွေက မြန်မာတွေကိုယ်စား ထရမ့်ပ်အစိုးရကို တရားပြန်ဆိုင်နေကြတာဖြစ်ပြီး အခုဒုက္ခသည်အရေးမှာလည်း ဥပဒေရေးရာကျွမ်းကျင်တဲ့ အဖွဲ့အစည်းတွေကို ထပ်မံချဉ်းကပ်ရမဲ့ အခြေအနေ ဖြစ်ပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013