
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ (Board of Peace) ဖွင့်ပွဲ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၉ ရက် (မြန်မာစံတော်ချိန်အရ ၂၀ ရက်နေ့) ဝါရှင်တန်ဒီစီမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အမေရိကန်ရဲ့ ဥရောပ အဓိကမဟာမိတ်နိုင်ငံတွေ ဒီအဖွဲ့မှာ ပူးပေါင်းဖို့ ငြင်းဆန်ထားကြသလို မရှင်းလင်းတဲ့ ရန်ပုံငွေထောက်ပံ့ရေးနဲ့ နိုင်ငံရေးလုပ်ပိုင်ခွင့်အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဝေဖန်သူတွေကတော့ ဒေါ်လာ ၁ ဘီလီယံလှူရင် အမြဲတမ်းအဖွဲ့ဝင်နေရာရမဲ့ ဒီဘုတ်အဖွဲ့ဟာ ထရမ့်ပ်အစိုးရနဲ့ အဆင်ပြေအောင် ပေါင်းလိုသူတွေအတွက် လမ်းကြောင်းတခုအဖြစ် ရှုမြင်နေကြပါတယ်။
ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန် အပါအဝင် ဗြိတိန်၊ ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေကတော့ ဒီအဖွဲ့မှာပါဝင်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ကလည်း နိုင်ငံတကာအကျပ်အတည်းတွေကို ကုလသမဂ္ဂကသာ ကိုင်တွယ်သင့်တယ်လို့ဆိုပြီး ဗာတီကန်အနေနဲ့ ဒီအဖွဲ့ထဲ မဝင်ဘူးလို့ ကြေညာလိုက်ပါတယ်။
သမ္မတ ဒေါ်နယ်ထရမ့်ပ်ကတော့ ဂါဇာကမ်းမြောင် ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ ၅ ဘီလီယံကျော် ရန်ပုံငွေ ရရှိထားသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရရှိဖို့ ကတိကဝတ် ရထားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အခုကျင်းပတဲ့ အစည်းအဝေးကို အစ္စရေး၊ ဆော်ဒီအာရေဗျနဲ့ ကာတာ စတဲ့ အရှေ့အလယ်ပိုင်း ကိုယ်စားလှယ်တွေအပြင် အာဂျင်တီးနားနဲ့ ဟန်ဂေရီနိုင်ငံတို့ တက်ရောက်ကြမှာပါ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကိုယ်တိုင်လည်း ဝါရှင်တန်ကို ရောက်နေပေမဲ့ ဒီပွဲကို မတက်ရောက်ဘဲ နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆာ ကိုသာ စေလွှတ်ခဲ့ပါတယ်။
ဂါဇာဒေသ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနေချိန်မှာ ဒီအဖွဲ့အစည်းရဲ့ ရန်ပုံငွေနဲ့ လုပ်ပိုင်ခွင့်တွေ မရှင်းလင်းတာကြောင့် နိုင်ငံတကာရဲ့ စောင့်ကြည့်ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။


