
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ကမ်းရိုးတန်းတလျှောက် ဆောင်းမုန်တိုင်းရဲ့ ရွေ့လျားမှုကို အမျိုးသား သမုဒ္ဒရာနဲ့ လေထုစီမံခန့်ခွဲရေးဌာန (NOAA) ဂြိုဟ်တုပုံရိပ်တွေက ဖေဖော်ဝါရီ ၂၂ ရက်မှာ ဖမ်းယူခဲ့ပါတယ်။
စနေနေ့မှာ နယူးယောက်မြို့၊ နယူးဂျာစီနဲ့ ကွန်နက်တီကပ် အပါအဝင် ပြည်နယ်တချို့အတွက် နှင်းမုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပြီး အရှေ့ဘက် ကမ်းရိုးတန်းဒေသကြီးတခုကို အဓိကမုန်တိုင်းတခု တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။
အလယ်အတ္တလန္တိတ်ကနေ အရှေ့မြောက်ဘက်အထိ နှင်းမုန်တိုင်းသတိပေးချက်တွေက အကျုံးဝင်ပြီး တနင်္လာနေ့အထိ နှင်းတွေထူထူထပ်ထပ်ကျတာနဲ့ လေပြင်းတိုက်တာတွေ ဖြစ်နိုင်တယ်လို့ အမျိုးသားရာသီဥတုဌာနက ဆိုပါတယ်။
နယူးယောက်၊ နယူးဂျာစီ၊ ကွန်နက်တီကပ်နဲ့ မက်ဆာချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးတွေက မဖြစ်မနေမဟုတ်ဘဲ ခရီးသွားတာတွေကို ရပ်တန့်ဖို့ အရေးပေါ်အခြေအနေ အမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။
အဓိကမုန်တိုင်းတခုကြောင့် နှင်းက ၂၄ လက်မအထိ ကျဆင်းပြီး လေပြင်းတိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ဘော်စတွန်မြို့တော်ဝန် မီရှဲလ်ဝူကလည်း ဖေဖော်ဝါရီ ၂၂ ရက်မှာ ဆီးနှင်း အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ပြင်းထန်တဲ့ ဆောင်းရာသီမုန်တိုင်း နီးကပ်လာတာနဲ့အမျှ ဒေသခံတွေ အိမ်ထဲမှာသာ နေကြဖို့ တိုက်တွန်းထားသလို အစိုးရကျောင်းတွေနဲ့ ရုံးတွေကို တနင်္လာနေ့မှာ ပိတ်ထားမယ်လို့ ကြေညာခဲ့ပါတယ်။


