
အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက် ခြံစည်းရိုးခတ်မဲ့ လုပ်ငန်းစဉ််တွေမှာ လက်နက်ကိုင်တွေကြောင့် အဟန့်အတားဖြစ်နေတဲ့အကြောင်း Hindustan Times သတင်း တပုဒ်မှာ ဖေဖော်ဝါရီ ၂၅ ရက်က ဖော်ပြပါတယ်။
အဆိုပါ ခြံစည်းရိုးခတ်တဲ့ လုပ်ငန်းခွင်နေရာတွေမှာ လက်နက်ကိုင်တွေက လက်လုပ်မိုင်းတွေ ထောင်ထားတာ၊ ခြံစည်းရိုးတွေကို ဖြတ်တောက်တာ၊ စက်ကိရိယာတွေ ခိုးယူတာတွေ လွန်ခဲ့တဲ့ ၂ လအတွင်း ပြုလုပ်ခဲ့ကြကြောင်းနဲ့ အဲဒီလို နှောင့်ယှက်မှုတွေကြောင့် လုပ်ငန်းတိုးတက်မှု နှေးကွေးနေတဲ့အကြောင်း အိန္ဒိယ တာဝန်ရှိသူတွေက ပြောပါတယ်။
စီမံကိန်းကို ကြီးကြပ်နေတဲ့ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်ရေး တည်ဆောက်ရေးအဖွဲ့(BRO) ရဲ့ အဆိုအရ နယ်စပ်တလျှောက် ကီလိုမီတာ ၃၀ ထက်မပိုတဲ့ အကွာအဝေးကိုသာ ခြံစည်းရိုး ခတ်နိုင်သေးတဲ့အကြောင်းနဲ့ အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်က အလုပ်သမားတွေအတွက် လုံခြုံရေးပေးနေပေမဲ့ နယ်စပ်တဖက်ခြမ်း လက်နက်ကိုင်တွေဟာ နည်းလမ်းအမျိုးမျိုးသုံးပြီး လုပ်ငန်းကို ရပ်တန့်ဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ ၁၈ ရက်အတွင်း မဏိပူရပြည်နယ်၊ တဲန်နိုပယ်ခရိုင် နယ်စပ်တလျှောက် မြေမြှုပ်လက်လုပ်မိုင်း အနည်းဆုံး ၁၁ လုံးကို ရှာဖွေ တွေ့ရှိခဲ့ရသလို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲမှာလည်း ချန်ဒဲလ်ခရိုင်ထဲက နယ်စပ်ခြံ စည်းရိုး ၂ ကြိမ်တိုင်တိုင် ဖြတ်တောက်ခံခဲ့ရတယ်လို့ အချက်အလက်တွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၄ ရက်မှာတော့ တဲန်နိုပယ်မှာ ခြံစည်းရိုးတိုင် ၁၅ တိုင် ဖြတ်တောက်ခံရပြီး လုပ်ငန်းခွင်တွင်း စက်ကိရိယာတချို့လည်း ခိုးယူခံခဲ့ရတယ်လို့ ဆိုပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လက်နက်ကိုင်တွေ ခိုးဝင်လာတာ၊ ဒုက္ခသည် စီးဝင်မှုနဲ့ မူးယစ်ဆေးဝါး/လက်နက် မှောင်ခိုကူးမှုတွေကို တားဆီးနိုင်ဖို့အတွက် ခု လို ခြံစည်းရိုးခတ်တာကို အဓိကစီမံကိန်းအဖြစ် လုပ်ဆောင်နေတာဖြစ်ပြီး မဏိပူရ၊ နာဂလန်းနဲ့ မီဇိုရမ်ပြည်နယ် ဒေသခံအဖွဲ့အစည်းတွေက ဒါကို ကန့် ကွက်နေကြတာပါ။
အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးရဲ့ အဆိုအရ လက်နက်ကိုင်တွေရဲ့ ဖျက်ဆီးမှုနဲ့ အကြမ်းဖက်မှုတွေကို မဏိပူရပြည်နယ်ထဲက တဲန်နိုပယ်နဲ့ ချန်ဒဲလ်တို့မှာ အဓိကတွေ့ရှိရပြီး တခြား နေရာတွေမှာတော့ တစုံတရာ နှောင့်ယှက်မှုမရှိဘဲ လုပ်ငန်းတွေ ဆက်လက်လည်ပတ်နေတယ်လို့ သိရပါတယ်။
အရှည် ၁,၆၄၃ ကီလိုမီတာ ရှိတဲ့ မြန်မာနဲ့ နယ်စပ်တလျှောက်မှာတော့ အာရန်နာချယ် ဒေသပြည်နယ်နဲ့ ကီလိုမီတာ ၅၂၀၊ နာဂလန်းပြည်နယ်နဲ့ ၂၁၅ ကီလိုမီတာ၊ မဏိပူရပြည်နယ်နဲ့ ၃၉၈ ကီလိုမီတာ၊ မီဇိုရမ်ပြည်နယ်နဲ့ ကီလိုမီတာ ၅၁၀ ထိစပ် နေတာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေကြရတာဖြစ်ပြီး ခုလိုခြံစည်းရိုးခတ်လိုက်တာက အိန္ဒိယနဲ့ မြန်မာကြား လွတ်လပ်စွာ သွားလာလှုပ်ရှားမှုရဲ့ အဆုံးသတ် အမှတ်အသား ဖြစ်လာပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ကသည်းနဲ့ ကူကီးတွေရဲ့ လူမျိုးရေး ပဋိပက္ခဟာလည်း မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေကြောင့်လို့ ပြည်နယ်အစိုးရက ယူဆပြီး ဒုက္ခသည်တွေ ထပ်မံဝင်ရောက်လာပါက ဒေသခံ အချင်းချင်း ဟန်ချက်ညီမှုကို မတည်မငြိမ် ဖြစ်စေမှာကိုလည်း အစိုးရက စိုးရိမ်နေတာ ဖြစ်ပါတယ်။
လူမျိုးရေးအကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကြောင့် အိန္ဒိယနဲ့ မြန်မာကြား လွတ်လပ်စွာ လှုပ်ရှားသွားလာမှုအစီအစဉ်ကိုလည်း ပြီးခဲ့တဲ့ နှစ်တွေအတွင်း ပထမဆုံး ဖျက်သိမ်းခဲ့သလို နယ်စပ် တခုလုံးကို ခြံစည်းရိုးခတ်ဖို့ အစိုးရက ရူပီးငွေကုဋေ ၃၁,၀၀၀ ထိ သုံးစွဲသွားဖို့ ခွင့်ပြုပေးထားတာ ဖြစ်ပါတယ်။
Source: Hindustan Times


