
ရာစုနှစ်ဝက်ကြာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေခဲ့တဲ့ သမိုင်းဝင်ရွေးကောက်ပွဲ အပြီးမှာတော့ တက္ကသိုလ်ကထိကဆရာမတယောက်ဟာ ပညာရေးဆိုဝာာ တိုင်းပြည် အနာဂတ်အတွက် အဓိကသော့ချက်လို့ ယုံကြည်ခဲ့တယ်။ မျိုးဆက်သစ်တွေ တိုးတက်ရစ်ဖို့ ပုံဖော်ပေးရတာကိုလည်း သူ ဂုဏ်ယူခဲ့တယ်။
ဒါပေမဲ့ လွန်ခဲ့တဲ့ ၅ နှစ်၊ ဒီလထဲမှာပဲ စစ်ဗိုလ်ချုပ်တွေက တကျော့ပြန် အာဏာပြန်သိမ်းခဲ့ကြပါတယ်။ အခုတော့ မြန်မာ့တက္ကသိုလ်ပညာရေးစနစ်ကြီးက အဖတ်ဆယ်လို့မရအောင် ပျက်စီးသွားပါပြီ။
ကထိကဆရာမ မဇာခြည်နွယ်ဟာ အခုဆိုရင် အင်္ကျီတွေ၊ အရုပ်ကလေးတွေနဲ့ အိတ်တွေကို ချည်ထိုးပြီး အွန်လိုင်းက ရောင်းရင်း အသက်မွေးနေရပါတယ်။
“ဒါက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံက ကျမတို့ကို ပေးလိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေပါပဲ” လို့ ဂုဏ်သိက္ခာကြီးမားတဲ့ မန္တလေးတက္ကသိုလ်မှာ ဒဿနိကဗေဒ သင်ကြားခဲ့ဖူးတဲ့ အသက် ၃၇ နှစ်အရွယ် မဇာခြည်နွယ်က ပြောပါတယ်။
“စစ်အာဏာသိမ်းမှုဟာ ကျမတို့ရဲ့ အလုပ်အကိုင်တွေကိုတင်မက ကျမတို့ရဲ့ ဘဝတွေကိုပါ လုယူသွားခဲ့တာ” လို့ သူက ဆိုပါတယ်။
မြန်မာပြည် ကျေးလက်ဒေသ အတော်များများမှာ စစ်တပ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ မြို့ကြီးတွေပေါ်မှာ နေသူတွေကတော့ စစ်ဘေးစစ်ဒဏ်ကနေ ကင်းလွတ်နေကြပါသေးတယ်။
ဒါပေမဲ့ ကုန်ဈေးနှုန်းတွေ အဆမတန်တက်တာ၊ အလုပ်လက်မဲ့များတာ၊ ပစ္စည်းပြတ်လပ်တာ၊ နေ့တိုင်းမီးပျက်တာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပျက်စီးတာတွေကိုတော့ ခါးဆီးခံစားနေကြရပါတယ်။
လွန်ခဲ့တဲ့ ၅ နှစ်က ဆန္ဒပြသူတွေကို စစ်သားတွေက ခေါင်းချိန်ပစ်ပြီး ဖြိုခွင်းခဲ့တဲ့ ရပ်ကွက်တွေမှာ အခုတော့ လူတွေဟာ တနေ့တာ အသက်ရှင် ရပ်တည်နိုင်ရေးကိုပဲ အာရုံစိုက်နေကြရပါတယ်။
ဖြုတ်ချခံလိုက်ရတဲ့ ပြည်သူ့အစိုးရလက်ထက်က ဝန်ထမ်းဟောင်းတွေ အပြောအရတော့ မူးယစ်ဆေး သုံးတာတွေ၊ HIV ရောဂါတွေ၊ လမ်းပေါ်မှာ လုယက်မှုတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
မြို့ပြရဲ့ အဆင်းရဲဆုံးရပ်ကွက်တွေမှာ ဆိုရင် အဘွားအိုတွေနဲ့ ကလေးငယ်တွေဟာ လမ်းပေါ်ထွက် တောင်းရမ်းနေကြရတယ်။
လူမမြင်ကွယ်ရာမှာ ဆိုရင် အမျိုးသမီး အတော်များများဟာ ပြည့်တန်ဆာအလုပ်ကို လုပ်ကိုင်လာနေကြရပါပြီ။
၅ နှစ်တာ စစ်အုပ်ချုပ်ရေးက မြန်မာနိုင်ငံကို ကမ္ဘာကြီးနဲ့ အတော်လေး အဆက်ပြတ်သွားစေခဲ့တယ်။
အခုဆိုရင် အာရှရဲ့ အဆင်းရဲဆုံးနဲ့ ပညာရေးအနိမ့်ကျဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါပြီ။
ကုလသမဂ္ဂရဲ့ “ပျောက်ကွယ်သွားသော လူလတ်တန်းစား” ဆိုတဲ့ အစီရင်ခံစာအရ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာတင် မြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါးလောက်က ဆင်းရဲမွဲတေမှု မျဉ်းအောက် ရောက်နေပြီလို့ သိရပါတယ်။
“ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ရော၊ လူငယ်တွေရဲ့ အနာဂတ်ပါ စစ်ဖိနပ်အောက်မှာ လုံးဝကြေမွသွားခဲ့ပြီ” လို့ အာဏာသိမ်းတာကို ဆန္ဒပြလို့ ထောင် ၃ နှစ်ကျခဲ့ဖူးတဲ့ DJ သမားဟောင်း ကိုရာဇာက ပြောပါတယ်။
“အာဏာမသိမ်းခင်က မြန်မာနိုင်ငံဟာ အလားအလာတွေ အများကြီးရှိပြီး နေထိုင်လို့ကောင်းတဲ့ နေရာတခုပါ။ အခုတော့ လုံးဝပြောင်းပြန်ဖြစ်သွားပါပြီ။”
ဗြိတိသျှကိုလိုနီဟောင်းဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၄၈ မှာ လွတ်လပ်ရေးရခဲ့ပေမဲ့ အဲဒီနောက် တလျှောက်လုံးနီးပါး စစ်တပ်ကပဲ အုပ်ချုပ်လာခဲ့တာပါ။
၂၀၁၀ ပြည့်နှစ်မှာတုန်းက အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကို တံခါးဖွင့်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒီနေ့ခေတ် အခြေအနေနဲ့ ဆင်တူတဲ့ ဇာတ်ညွှန်းတခုရိုက်ပြီး တရားဝင်မှုရဖို့ ရွေးကောက်ပွဲ လုပ်ခဲ့ကြတယ်။
အဲဒီတုန်းက အတိုက်အခံပါတီတွေက မဲပေးပွဲကို သပိတ်မှောက်ခဲ့ကြပြီး စစ်တပ် ကျောထောက်နောက်ခံ ပါတီကပဲ အလွယ်တကူ အနိုင်ရခဲ့တယ်။
ဒါပေမဲ့ မထင်မှတ်ထားတဲ့ အချိုးအကွေ့တခုအနေနဲ့ ဗိုလ်ချုပ်ဟောင်း သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်က ဖုန်းတွေကို လွတ်လပ်စွာကိုင်ခွင့်ပေးတာ၊ နိုင်ငံခြားသတင်းထောက်တွေကို ပြည်ဝင်ခွင့်ပေးတာတွေ လုပ်ခဲ့တယ်။
၂၀၁၅ မှာ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးခဲ့တယ်။ အဲဒီလောက်အထိ လွတ်လပ်ခွင့် ပေးလိုက်တာကို ကျန်တဲ့ စစ်ဗိုလ်ချုပ်တွေက သဘောမကျကြပါဘူး။
၂၀၂၀ မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ရွေးကောက်ပွဲမှာ ထပ်နိုင်ပြန်တယ်။ အဲဒီအခါမှာတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ စစ်အာဏာသိမ်းလိုက်ကြပါတယ်။
ရွေးကောက်ခံခေါင်းဆောင် အများအပြားကို ဖမ်းဆီးလိုက်တယ်။
အဲဒီခေါင်းဆောင်အများစုဟာ ဒီနေ့ထိ ထောင်ထဲမှာ ရှိနေတုန်းပါပဲ။
ခေတ်နောက်ပြန်ဆွဲဖို့ ကြိုးစားတဲ့အနေနဲ့ စစ်ကောင်စီဟာ လူမှုကွန်ရက်တွေ၊ စာပို့စနစ်တွေ အပါအဝင် ဖုန်းဆက်သွယ်ရေးစနစ်တွေကို နည်းလမ်းတကျ နှောင့်ယှက် ဖြတ်တောက်နေပါတယ်။
SIM ကတ်တွေကိုလည်း အာဏာပိုင်တွေဆီမှာ မဖြစ်မနေ မှတ်ပုံတင်ခိုင်းထားတယ်။
သူတို့ပိတ်ထားတဲ့ website တွေကို ကျော်ကြည့်လို့ရတဲ့ VPN အသုံးပြုမှုကိုလည်း ဥပဒေနဲ့ တားမြစ်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာနဲ့ ဇန်နဝါရီလတုန်းက စစ်ကောင်စီက ရွေးကောက်ပွဲအတုအယောင်တခု လုပ်ခဲ့ပါတယ်။
အတိုက်အခံပါတီတွေကို ပိတ်ပင်ထားပြီး စစ်တပ်ထိန်းချုပ်နယ်မြေက လူတွေပဲ မဲပေးလို့ရခဲ့တယ်။
ထင်ထားတဲ့အတိုင်းပဲ စစ်တပ်ကျောထောက်နောက်ခံပါတီကပဲ နိုင်သွားပြန်တယ်။
“အာဏာသိမ်းတာနဲ့ ဒီရွေးကောက်ပွဲလုပ်တာတွေရဲ့ အဓိကအကြောင်းရင်းက သမ္မတဦးသိန်းစိန် လက်ထက်တုန်းက လမ်းမှားသွားတယ်လို့ သူတို့ မြင်ကြလို့ပဲ” လို့ ရန်ကုန်မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ရစ်ချတ် ဟော်ဆေးက ပြောပါတယ်။
“ဒီရွေးကောက်ပွဲက ဦးသိန်းစိန်ရဲ့ အမှားကို ပြန်ပြင်ဖို့နဲ့ လုပ်ငန်းစဉ်ကို ပြန်စဖို့ လုပ်တာပါပဲ” လို့ သူက ဆိုတယ်။
အဲသလို စစ်တပ်ရဲ့ လမ်းကြောင်းတည့်မတ်မှုကြောင့် မြန်မာပြည်သူတွေကတော့ အကြီးအကျယ် ပေးဆပ်နေရပါတယ်။
တိုင်းရင်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ ပေါင်းထားတဲ့ တော်လှန်ရေးတပ်တွေကို မနိုင်တော့ စစ်ကောင်စီဟာ ရုရှားနဲ့ တရုတ်ဆီက ရထားတဲ့ တိုက်လေယာဉ်တွေသုံးပြီး အရပ်သား ပစ်မှတ်တွေကို ဗုံးကြဲနေပါတယ်။
ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေလည်း မချန်ပါဘူး။
တရုတ်ရဲ့ အကူအညီနဲ့အတူ ပြီးခဲ့တဲ့နှစ်တုန်းက စစ်တပ်ဟာ တော်လှန်ရေးတပ်ဖွဲ့တချို့ဆီကနေ နယ်မြေပြန်ရတာတွေ ရှိခဲ့ပါတယ်။
ပတ္တမြားနဲ့ နီလာ ထွက်ရာ နာမည်ကျော် မိုးကုတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ခဲ့တာမျိုးပေါ့။
လျှော့တွက်ထားတဲ့ စာရင်းတွေအရ ကြည့်မယ်ဆိုရင်တောင် အာဏာသိမ်းပြီးနောက် စစ်တပ်ကြောင့် အရပ်သား သေဆုံးမှုဟာ ၇,၇၀၀ ကျော် ရှိသွားပါပြီ။
ကုလသမဂ္ဂစာရင်းအရ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃ ဒသမ ၆ သန်းကျော်ရှိပြီး ၁ ဒသမ ၆ သန်းလောက်က ပြည်ပကို ထွက်ပြေးခဲ့ရပါတယ်။
အဲဒီအထဲမှာ စစ်မှုထမ်းရမှာကြောက်လို့ ထွက်ပြေးတဲ့ လူငယ်အမျိုးသား အများအပြားလည်း ပါဝင်ပါတယ်။
စစ်ပြေးဒုက္ခသည်အများစုဟာ ဘေးကင်းလုံခြုံမယ် ထင်ရတဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေကို ပြောင်းရွှေ့လာကြလို့ မြို့တွေမှာ လူဦးရေကျပ်တည်းမှု ပြဿနာတွေ တိုးလာနေပါတယ်။
တိုက်ပွဲတွေနဲ့ တိုက်ရိုက်မပတ်သက်တဲ့သူတွေအတွက်တောင်မှ စစ်အုပ်ချုပ်ရေးအောက်က ဘဝဟာ သိပ်ကိုဆိုးရွားပါတယ်။
အာဏာမသိမ်းခင် ဆယ်ကျော်သက်အရွယ်တုန်းက မယဉ်မင်းနွယ်ဟာ ရန်ကုန်က အထည်ချုပ်စက်ရုံတခုမှာ အလုပ်ရခဲ့ပါတယ်။
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး အနာဂတ်ကို တည်ဆောက်နိုင်မယ်လို့ သူ မျှော်လင့်ခဲ့ဖူးတယ်။
“မြန်မာနိုင်ငံဟာ အဲဒီတုန်းက တက်ကြွမှုတွေ၊ ဖြစ်နိုင်ခြေတွေနဲ့ ပြည့်နှက်နေခဲ့တာ” လို့ သူက ပြောပါတယ်။
“လူငယ်တွေကလည်း အကောင်းမြင်စိတ် ရှိကြတယ်၊ စီးပွားရေးလုပ်ငန်းတွေကလည်း တိုးတက်နေတယ်၊ တိုင်းပြည်က တဖြည်းဖြည်း ရှေ့ဆက်နေတယ်ဆိုတဲ့ ခံစားချက်မျိုး ခိုင်ခိုင်မာမာ ရှိခဲ့တယ်”
ဒါပေမဲ့ မကြာခင်မှာပဲ နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့် အထည်ချုပ်လုပ်ငန်းတွေ ပြိုလဲခဲ့ပါတယ်။
သူဟာ အလုပ်လက်မဲ့ဖြစ်သွားတဲ့ သိန်းနဲ့ချီတဲ့ အလုပ်သမားတွေထဲက တယောက် ဖြစ်သွားခဲ့တယ်။
အများစုကတော့ အမျိုးသမီးတွေပေါ့။
“တညတည်းနဲ့ အရာအားလုံး ပြောင်းလဲသွားခဲ့တာ” လို့ အခု အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ မယဉ်မင်းနွယ်က ပြောပါတယ်။
“အကောင်းမြင်စိတ်နေရာမှာ အကြောက်တရားက ဝင်လာတယ်။ လူတွေက အနာဂတ် အစီအစဉ်တွေအကြောင်း မပြောကြတော့ဘူး။ အသက်ရှင်ဖို့လောက်ပဲ ပြောကြတော့တယ်”
“ကျန်ခဲ့တာကတော့ အမြဲတမ်း ကြောက်လန့်နေရတဲ့ တိုင်းပြည်ပါပဲ။ မျှော်လင့်ချက်ထားဖို့တောင် အန္တရာယ်ရှိနေပြီလေ”
စစ်တပ်ဟာ အဝေးပြေးလမ်းမတွေနဲ့ မြို့ထဲလမ်းမတွေပေါ်မှာ စစ်ဆေးရေးဂိတ် ထောင်ပေါင်းများစွာ ချထားပြီး ခရီးသွားတွေကို တားဆီးစစ်ဆေးတာ၊ မှတ်ပုံတင်စစ်တာတွေ လုပ်နေပါတယ်။
ပြည်ပထွက်ဖို့ ကြိုးစားသူတွေမှာလည်း နိုင်ငံကူးလက်မှတ်ရှိရင်တောင် လေယာဉ်ပေါ်မတက်ခင် တားဆီးခံရနိုင်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးမှာ ၅ နှစ်နီးပါး ကြေညာထားတဲ့ ညမထွက်ရအမိန့်ကို ရွေးကောက်ပွဲမတိုင်ခင် သီတင်းပတ် အနည်းငယ်လောက်အလိုမှာမှ ရုပ်သိမ်းပေးခဲ့တာပါ။
ရဲတွေနဲ့ စစ်သားတွေက အသေးအဖွဲကိစ္စလေးတွေကအစ ရာဇဝတ်မှုကြီးတွေအထိ ဖမ်းဆီး အရေးယူမခံရအောင် လာဘ်ငွေတောင်းကြတာမို့ အကျင့်ပျက်ခြစားမှုတွေက နေရာတိုင်းမှာ ဖြစ်နေပြီလို့ မြို့ခံအများစုက ပြောကြပါတယ်။
စစ်တပ်က ဆရာဝန်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အတိုက်အခံခေါင်းဆောင်တွေလို သဘောထားပြီး ပစ်မှတ်ထား ဖမ်းဆီးခဲ့ပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေကို စောင့်ကြည့်နေတဲ့ Insecurity Insight အဖွဲ့ရဲ့ အဆိုအရ ဖမ်းဆီးခံရသူ ၉၀၀ ကျော်နဲ့ အသတ်ခံရသူ ၁၆၈ ဦး ရှိတယ်လို့ ဆိုပါတယ်။
ဆရာဝန် ညွှန်ကြားတဲ့ ဆေးဝါးတွေ ဝယ်ဖို့ အရမ်းခက်လာတာက နာတာရှည်ရောဂါသည်တွေ အတွက်တော့ သေမိန့်လို ဖြစ်နေတယ်လို့ မန္တလေးမှာ ဆေးဆိုင်ဖွင့်ထားတဲ့ ဒေါက်တာကျော်ဇင်က ပြောပါတယ်။
ဆေးဆိုင်ဖွင့်တယ် ဆိုတာ လူ့အသက်ကယ်ဖို့ မဟုတ်တော့ဘူး။ လူနာလိုချင်တဲ့ဆေး မရှိကြောင်း ရှင်းပြနေရတဲ့အလုပ် ဖြစ်နေပြီလို့ သူက ပြောပါတယ်။
“အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ကျနော့်ကိုယ်ကျနော် လူနာကုပေးတဲ့ ဆရာဝန်တယောက်လို့တောင် မခံစားရတော့ဘူး” လို့ သူက ပြောတယ်။
“ဖြည်းဖြည်းချင်း သေဆုံးနေရတာတွေကို ဘေးကရပ်ကြည့်နေရတဲ့ မျက်မြင်သက်သေ တယောက်လိုပဲ ခံစားရတယ်”
ကပ်ရောဂါပြီးနောက်ပိုင်း ဆောက်လုပ်ရေးစီမံကိန်းတွေ ပြန်စနေကြတဲ့ တခြား အရှေ့တောင်အာရှ မြို့ကြီးတွေနဲ့ မတူတာက ရန်ကုန်မြို့ကြီးဟာ တိုးတက်မှုရပ်တန့်နေပြီး မြို့ပြမြင်ကွင်းက ဘာမှ ပြောင်းလဲခြင်း မရှိပါဘူး။
ထူးခြားမှုတခုအနေနဲ့ ရန်ကုန်မြစ်ကို ဖြတ်ပြီး ဒလဘက်ကို ဆက်သွယ်ထားတဲ့ တံတားသစ်ကြီး တခုတော့ ရှိပါတယ်။
ဒါပေမဲ့ အဲဒီနားက တမိုင်လောက်အကွာမှာတော့ ဒေါ်လာ သန်း ၇၀၀ တန် Yoma Central အိမ်ရာစီမံကိန်းကြီးက ၂၀၂၁ ကတည်းက မပြီးမစီးဘဲ ဟိုလိုလိုဒီလိုလိုနဲ့ လက်စမသတ်နိုင်သေးပါဘူး။
ရဲစခန်းတွေနဲ့ အရေးကြီးအဆောက်အအုံတွေရှေ့မှာတော့ သံဆူးကြိုး အတားအဆီးတွေ ချထားပါတယ်။
ရန်ကုန်မြို့လယ်က ရဲစခန်းတခုမှာဆိုရင် စစ်ဝတ်စုံ ဝတ်ထားတဲ့ ရဲတွေက အတားအဆီးတွေ နောက်မှာ ပလတ်စတစ်ထိုင်ခုံတွေနဲ့ ထိုင်ပြီး သေနတ်တွေ ပေါင်ပေါ်တင်ထားကြတယ်။
စခန်းအဝင်ဝမှာတော့ အရင်ခေတ်က ကျန်ခဲ့တဲ့ “ကူညီပါရစေ” (May I Help You) ဆိုတဲ့ စာသားကို ချိတ်ဆွဲထားဆဲပါပဲ။
မန္တလေးမှာတော့ စစ်အုပ်ချုပ်ရေးကြောင့် တချိန်က နာမည်ကြီး ရိုးရာအကပညာရှင် ကိုရဲရင့်အောင်ရဲ့ ဘဝဟာ ဇောက်ထိုးမိုးမျှော် ဖြစ်ခဲ့ရပါတယ်။
အခုတော့ သူဟာ လမ်းဘေးဈေးဆိုင်တချို့ဖွင့်ပြီး မာလာရှမ်းကော ချက်ရောင်းရင်း အသက်မွေးနေရပါတယ်။
ဈေးရောင်းနေရင်း သူ့ကိုမှတ်မိတဲ့လူတွေ ရှိပေမဲ့ သူကတော့ နာမည်ကြီးခဲ့တဲ့ အချိန်တွေကို လွမ်းဆွတ်နေမိတယ်လို့ ပြောပါတယ်။
“မြန်မာ့ရိုးရာ သဘင်လောကရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်ခဲ့ဖူးတဲ့ ကျနော်တို့လိုလူတွေက တနေ့ကျရင် လမ်းဘေးမှာ အခုလို ဈေးထိုင်ရောင်းရမယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး” လို့ သူက ပြောပါတယ်။
“အာဏာသိမ်းပြီး ၅ နှစ်အကြာမှာ ကျနော့်ဘဝကို ဖျော်ဖြေပွဲအရေအတွက်နဲ့ မရေတွက်တော့ဘူး။ အသက်ရှင်ကျန်ရစ်တဲ့ နေ့ရက်တွေနဲ့ပဲ ရေတွက်နေရတော့တယ်”
ဒဿနိကဗေဒ ကထိကဟောင်း မဇာခြည်နွယ်ကတော့ စစ်အုပ်ချုပ်ရေးအောက်မှာ ပညာရေးစနစ် ပြိုလဲသွားတာကို ဝမ်းနည်းပက်လက် ဖြစ်နေရှာပါတယ်။
ကျောင်းအတော်များများဟာ ပညာသင်ကြားရာ နေရာတွေ မဟုတ်တော့ဘူးလို့ သူကဆိုပါတယ်။
“ဆရာတွေ ဆိုရင်လည်း ထွက်ပြေးတဲ့လူက ပြေး၊ ပုန်းတဲ့လူက ပုန်း၊ အဖမ်းခံရတဲ့လူက ခံရနဲ့လေ” လို့ သူက ပြောတယ်။
“စာသင်ခန်းတွေက ပိတ်ထားရင်ပိတ်၊ မပိတ်ရင်လည်း စစ်တပ်က နေရာယူထားတာမျိုးတွေ ဖြစ်ကုန်ပြီ။ ကလေးအတော်များများအတွက်တော့ ပညာသင်ကြားခွင့်ဆိုတာ လုံးဝ ပျောက်ဆုံးသွားခဲ့ပါပြီ”
ရစ်ချတ် စီ ပက်ဒေါ့ခ်
Ref: The New York Times


