Home
မြန်မာသတင်း
မြန်မာနှင့် တရုတ်သည် ရွေးချယ်စရာမရှိသော အိမ်နီးချင်းကောင်းဟု ဒု စစ်ခေါင်းဆောင် ပြော
DVB
·
February 15, 2026

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ရေမြေတောတောင်ချင်း ထိစပ်နေပြီး ရွေးချယ်စရာမရှိတဲ့ အိမ်နီးချင်းကောင်း နိုင်ငံကောင်းဖြစ်တဲ့အတွက် စီမံကိန်းတွေကို ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

မနေ့ ညနေပိုင်းက ရန်ကုန်မြို့ အမျိုးသားအားကစားပြိုင်ပွဲရုံ ၁ သုဝဏ္ဏမှာ ပြုလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

‘မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့သည် မိုင်ပေါင်း ၁၃၀၀ ကျော် ရေမြေတောတောင်ချင်း ထိစပ်နေသည့် ရွေးချယ်စရာမရှိသော အိမ်နီးချင်းကောင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ အကြားတွင်လည်း အေဒီ ၉၀၀ ကျော် ပျူခေတ်ကာလကတည်းက ရင်းနှီးချစ်ကြည်စွာ ကူးလူးဆက်ဆံခဲ့ကြခြင်းကြောင့် ချစ်ကြည်ရင်းနှီးမှုသည် ယခုအခါ နှစ်ပေါင်းထောင်ချီ ကြာမြင့်ခဲ့ပြီဖြစ်၍ နှစ်နိုင်ငံအကြား နားလည်မှု၊ ယုံကြည်မှုများကို တိုးမြှင့်ပြီး ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို အခိုင်အမာထူထောင်နိုင်ခဲ့ကြောင်း’ လို့ ပြောပါတယ်။

ဒီလိုခိုင်မာတဲ့ ဆက်ဆံရေးတွေကြောင့် တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီး ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း၊ မူဆယ်-မန္တလေး မီးရထားလမ်းသစ်ဖောက်လုပ်ရေးစီမံကိန်းနဲ့ မန္တလေး-ကျောက်ဖြူ မီးရထားလမ်းစီမံကိန်းတို့ကို အကောင်အထည်ဖော်နေတယ်လို့ ပြောပါတယ်။

‘မူဆယ်-မန္တလေး ရထားလမ်းမှာ ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်း၏ ပထမခြေလှမ်းဖြစ်ပြီး ကျောက်ဖြူ-ကူမင်း မီးရထားလမ်းစီမံကိန်း၏ အဓိကကျသည့် အစိတ်အပိုင်းတရပ်လည်း ဖြစ်ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းသည် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အဖြစ် ပုံပေါ်လာနိုင်မည့် အလားအလာရှိသည့်အတွက် အခွင့်အလမ်းကောင်းများဖြစ်တယ်’ လို့လည်း ဒုစစ်ခေါင်းဆောင်က ပြောပါတယ်။

တရုတ်သံအမတ်ကလည်း ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း တရုတ်-မြန်မာဆက်ဆံရေးဟာ အဆင့်သစ်တခုကိုတက်နိုင်ခဲ့သလို အခု ၂၀၂၆ ခုနှစ်မှာလည်း နှစ်နိုင်ငံခေါင်းဆောင်တွေ သဘောတူထားတဲ့ အရေးကြီးအချက်အလက်တွေကို အကောင်အထည်ဖော်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူတယောက်ကတော့ အာဏာသိမ်းစစ်တပ်အနေနဲ့ မိမိအာဏာတည်မြဲရေးအတွက် တိုင်းပြည်အတွင်း ပြည်သူလူထုထိခိုက်စေမဲ့ စီမံကိန်းတွေကို တရုတ်နဲ့ပူးပေါင်းလုပ်ဆောင်နေတဲ့အပေါ် နိုင်ငံတကာသိရှိအောင် ဝိုင်းဝန်း ကန့်ကွက်သင့်တယ်လို့ သူရဲ့အမြင်ကိုပြောပါတယ်။

“အာဏာသိမ်းစစ်တပ်က သူအာဏာတည်မြဲရေးအတွက် တရုတ်ကို ချဉ်းကပ်ပြီး စီမံကိန်းလုပ်ကွက်တွေ ပေးတယ်။ အကျိုးအမြတ်ခံစားရတော့ တရုတ်၊ စီမံကိန်းတွေကြောင့်ရလာမဲ့ ဘေးဒုက္ခတွေကို ခံစားရမှာက ပြည်သူလူထုပဲ။ ဒါတွေကို ကမ္ဘာကရော နိုင်ငံတကာကပါ သိအောင် ကန့်ကွက်သင့်တယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ တရုတ်က အစအရာရာ ခြယ်လှယ်နေတော့ ကိုယ့်နိုင်ငံကို တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ ဆိုပြီး အမည်ပြောင်းရမလို ဖြစ်နေပြီ” လို့ သုံးသပ်ပြောဆိုပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ တရုတ်ရဲ့အကူအညီနဲ့ တော်လှန်ရေးတပ်တွေအပေါ် ဖိအားပေးနေသလို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီကလည်း တရုတ်ကွန်မြူနစ်ပါတီ CCP နဲ့ ပူးပေါင်းသွားမယ်လို့ ဖေဖော်ဝါရီ ၆ ရက်က လုပ်ခဲ့တဲ့ နှစ်ကူးပွဲတော်ဖြေဖျော်ရေးပွဲမှာ ကြံ့ခိုင်ရေးပါတီက ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013