
ဂျပန်နိုင်ငံအနောက်တောင်ပိုင်း နာဂါဆာကီမြို့အနီး ဂျပန်သီးသန့်စီးပွားရေးဇုန် (EEZ) အတွင်း စစ်ဆေးမှုကို ရှောင်တိမ်းထွက်ပြေးဖို့ ကြိုးပမ်းခဲ့တဲ့ တရုတ်ငါးဖမ်းသင်္ဘောတစီးကို ဂျပန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီး သင်္ဘောကပ္ပတိန်ကိုလည်း ထိန်းသိမ်းထားကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၁၃ ရက်မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့်ချိန်လောက်မှာ ယာကူရှီးမားကျွန်းအနီး ဂျပန်နိုင်ငံရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှာ သင်္ဘောပေါ်တက်ရောက်စစ်ဆေးမှုကို ငြင်းဆန်ခဲ့တဲ့ တရုတ်ငါးဖမ်းသင်္ဘောကပ္ပတိန်ကို ငါးလုပ်ငန်းဦးစီးဌာန ကင်းလှည့်သင်္ဘောက ဖမ်းဆီးခဲ့တာလို့ ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် မီနိုရူခီဟာရာက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အသက် ၄၇ နှစ်အရွယ် တရုတ်နိုင်ငံသား ကပ္ပတိန်ကို ဖမ်းဆီးခဲ့ပြီး သင်္ဘောပေါ် တက်ရောက်စစ်ဆေးဖို့အတွက် ရပ်တန့်ခိုင်းတဲ့ အမိန့်ကို လျစ်လျူရှုမှုနဲ့ စွပ်စွဲထားတယ်လို့လည်း ဆိုပါတယ်။
အမှုကို လက်ရှိ စုံစမ်းစစ်ဆေးဆဲ ဖြစ်ပေမဲ့ နိုင်ငံခြားငါးဖမ်းသင်္ဘောတွေရဲ့ တရားမဝင် လုပ်ဆောင်မှုတွေကို တားဆီးနှိမ်နင်းဖို့အတွက် တင်းကျပ်ပြီး ခိုင်မာပြတ်သားတဲ့ ရပ်တည်ချက်နဲ့ ဆက်လက်အရေးယူ လုပ်ဆောင်သွားမယ်လို့လည်း ထပ်လောင်းပြောပါတယ်။
အခုဖြစ်ရပ်ဟာ အာရှရဲ့ အကြီးဆုံးစီးပွားရေးအင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ ဂျပန်နဲ့ တရုတ်နိုင်ငံတို့အကြား သံတမန်ရေးရာ တင်းမာမှုတွေ ပြင်းထန်နေချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
Source: Reuters


