
ဟောင်ကောင်ဟာ တနိုင်ငံ စနစ် ၂ ခုအောက်မှာရှိပြီး တရုတ်အမျိုးသားလုံခြုံရေး အကာအကွယ်ပေးမှုအောက်မှာ ရှိတယ်လို့ တရုတ်နိုင်ငံတော်ကောင်စီက စက္ကူဖြူစာတမ်းမှာ ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။
ဒါဟာ ဟောင်ကောင်မီဒီယာလုပ်ငန်းရှင် ဂျင်မီလိုင်ကို ထောင်ဒဏ်နှစ် ၂၀ ချမှတ်ပြီး နောက်နေ့မှာပဲ ထုတ်ပြန်ခဲ့တာပါ။
ဒီထုတ်ပြန်ချက်မှာ အချက် ၅ ချက် ပါဝင်တယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေထဲမှာ ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး စောင့်ရှောက်မှုအတွက် တိုက်ပွဲဝင်မှုတွေ ရပ်နားမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
ဗဟိုအစိုးရရဲ့ အခြေခံတာဝန်ကလည်း ဟောင်ကောင်ရဲ့ အမျိုးသားလုံခြုံရေး ဖြစ်တယ်လို့ ပါဝင်ပါတယ်။
အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း တာဝန်ယူခြင်းကလည်း ဟောင်ကောင်အထူးအုပ်ချုပ်ရေးရဲ့ အောင်မြင်မှုဖြစ်တယ်လို့ အသေးစိတ် ဖော်ပြထားမှုလည်း ပါဝင်ပါသေးတယ်။
ဟောင်ကောင်မှာ ဆူပူမှုတွေ ဖြစ်ရာကနေ တည်ငြိမ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်တဲ့ ပြောင်းလဲမှုတွေနဲ့ တနိုင်ငံ စနစ် ၂ ခုရဲ့ မြင့်မားတဲ့ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်တယ်လို့လည်း စက္ကူဖြူစာတမ်းမှာ ဖော်ပြပါတယ်။
လိုင်ကို ထောင်ဒဏ်ချမှတ်တာနဲ့ ပတ်သက်ပြီး အမေရိကန်၊ ဗြိတိန်၊ ထိုင်ဝမ်၊ ဂျပန်၊ ဥရောပနဲ့ လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်မှုတွေ ပြုလုပ်ထားပါတယ်။
Source: Reuters


