Home
ဆောင်းပါး
ပါမောက္ခ ရှောင်တာနယ် သုံးသပ်တဲ့ ၂၀၂၆ မြန်မာနိုင်ငံ အလားအလာ
သန်းဝင်းထွဋ်
·
February 14, 2026

ဩစတြေးလျနိုင်ငံ The Sydney Institute မှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စီးပွားရေးပညာရှင် ပါမောက္ခ မစ္စတာ ရှောင်တာနယ်ရဲ့ ဟောပြောချက်မှာ မြန်မာပြည်ရဲ့ အနာဂတ်အတွက် အရေးပါတဲ့ သုံးသပ်ချက်တွေ ပါဝင်နေပါတယ်။

ရှောင်တာနယ်ဆိုတာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးအဖြစ် ၅ နှစ်ကြာ လုပ်ကိုင်ခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်းအဖမ်းခံခဲ့ရပြီး အကျဉ်းထောင်ထဲမှာ ၂ နှစ်ကြာ နေခဲ့ရသူပါ။ သူက ၂၀၂၁ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်ရဲ့ ၂၀၂၆ အလားအလာကို "ကပ်ဘေးတခု" (Catastrophe) အဖြစ် ပွင့်ပွင့်လင်းလင်း သုံးသပ်ပြသွားပါတယ်။

လက်ရှိအခြေအနေ အကျဉ်းချုပ်

တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေဟာ ဘယ်လောက်အထိ ဆိုးရွားပျက်စီး နေပြီလဲဆိုတာကို သူက ဒေတာအချက်အလက်တွေနဲ့  ထောက်ပြထားပါတယ်။ 

အာဏာသိမ်းပြီး ၅ နှစ်အတွင်း မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ဟာ ထက်ဝက်လောက်အထိ ထိုးဆင်းသွားသလို၊ အလွန်အမင်း ဆင်းရဲနွမ်းပါးသူ အရေအတွက်ဟာလည်း အရင်ကထက် ၂ ဆ တိုးလာပါတယ်။ အာဆီယံနိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှု နည်းပေမဲ့ မြန်မာပြည်မှာတော့ ၃၀ ရာခိုင်နှုန်းလောက်အထိ ရှိနေပြီး ဒါဟာ ဒေသတွင်း ပျမ်းမျှထက် ၁၀ ဆလောက် ပိုများနေတာပါ။ မြန်မာကျပ်ငွေတန်ဖိုးကလည်း ၅ နှစ်အတွင်း ၈၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားပါတယ်။ 

အရင်က အာရှရဲ့ ဆန်အိုးကြီးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုတော့ တရုတ်အတွက် ကုန်ကြမ်းနဲ့ စွမ်းအင်ထုတ်ပေးတဲ့ နေရာတခုပဲ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံဟာ အခုဆိုရင် တရုတ်ရဲ့ လွှမ်းမိုးမှုအောက်မှာ ရာဇဝတ်ဂိုဏ်းတွေ၊ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Centers) တွေ၊ လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းတွေ ကြီးစိုးတဲ့နေရာ ဖြစ်လာနေတယ်လို့ ရှောင်တာနယ်က သတိပေးပါတယ်။

စစ်ကောင်စီ ရှင်သန်ဖို့အတွက် ငွေစက္ကူတွေ အလွန်အကျွံ ရိုက်ထုတ်နေလို့ လူလတ်တန်းစားတွေရဲ့ စုဆောင်းငွေတွေဟာ အလိုလိုနေရင်း တန်ဖိုးမဲ့လာပါတယ်။ ပြည်ပရောက်လုပ်သားတွေ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးဖို့ သူတို့သတ်မှတ်ဈေးနဲ့ တရားဝင်ဘဏ်တွေကနေ ငွေလွှဲခိုင်းတဲ့ "ခေါင်းပုံဖြတ် ငွေလွှဲစနစ်" နဲ့ နိုင်ငံခြားငွေ ရှာနေကြတဲ့အထိ အခြေအနေဆိုးရွားနေပါတယ်။

လူမှုဘဝပေးဆပ်ရမှုအနေနဲ့ လူ ၈,၀၀၀ လောက် အသတ်ခံရ၊ ၃၂,၀၀၀ လောက် ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂၀,၀၀၀ လောက်ဟာ အခုထိ ထောင်ထဲမှာ ရှိနေဆဲပါ။ လူပေါင်း ၄ သန်း လောက်ဟာလည်း ပြည်တွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသလို လူ ၁ သန်းကျော် ပြည်ပထွက်ပြေးခဲ့ကြရပါတယ်။ 

မြန်မာ့အနာဂတ်အတွက် စောင့်ကြည့်သင့်တဲ့ အချက် ၆ ချက် 

အခြေအနေတွေက ဒီလောက်ထိ ကပ်ဘေးဆိုက်နေပေမဲ့ အာဏာရှင်စနစ်တခု ပြိုလဲမလား၊ ဆက်ရှင်သန်မလားဆိုတာကို ဆုံးဖြတ်ပေးတဲ့ "မဏ္ဍိုင် ၆ ခု" ကို ရှောင်တာနယ်က တင်ပြခဲ့ပါတယ်။ ဒီအချက်တွေကို လေ့လာကြည့်ရင်တော့ မြန်မာပြည်အတွက် အကောင်းမြင်စရာ အကြောင်းတချို့ ရှိပါတယ်။

ပထမအချက်က စစ်တပ်ရဲ့သစ္စာခံမှု (Military Loyalty) ပါ။ စစ်တပ်ဟာ အပြင်ပန်းကြည့်ရင် ကျစ်လျစ်နေပုံရပေမဲ့ တကယ်တော့ "ကြွပ်ဆတ်မှု" ဖြစ်နေပါတယ်။​ စစ်သားအမြောက်အမြား ဆုံးရှုံးနေရတာနဲ့ စီးပွားရေး ပျက်ပြားနေတာကြောင့် သူတို့ရဲ့ သစ္စာရှိမှုဟာ နောက်ကွယ်မှာ ယိုင်နဲ့နေပါပြီ။ ဒါဟာ ရှေ့တန်းစစ်မျက်နှာမှာ အသာစီးရမှု ပြောင်းလဲသွားတာနဲ့အမျှ ရုတ်တရက် ပြောင်းလဲသွားနိုင်တဲ့ အခြေအနေပါ။

ဒုတိယအချက်က အထက်တန်းလွှာတွေရဲ့ စည်းလုံးမှု (Elite Cohesion) ဖြစ်ပါတယ်။ ခရိုနီ စီးပွားရေးလုပ်ငန်းရှင်တွေဟာ စစ်ကောင်စီကို ကြောက်ရွံ့မှုနဲ့ အခွင့်အရေးသမား (Opportunism) စိတ်ဓာတ်ကြောင့်သာ တွယ်ကပ်နေကြတာပါ။ တကယ်လို့ စစ်ကောင်စီ ပြိုလဲတော့မယ်လို့ အနံ့ရတာနဲ့ သူတို့ဟာ ချက်ချင်း ဘက်ပြောင်းသွားကြမှာ ဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ အတိုက်အခံတွေရဲ့ ညီညွတ်မှု (Opposition Unity) ဟာ အရင်ကထက် ပိုခိုင်မာလာပါတယ်။ အရင်က တိုင်းရင်းသားလူမျိုးစုအလိုက် ကွဲပြားတာတွေ ရှိခဲ့ပေမဲ့ အခုတော်လှန်ရေးမှာတော့ အရင်ကထက် ပိုပြီး ညီညွတ်နေကြတာဟာ အားတက်စရာပါ။

စတုတ္ထအချက်ကတော့ တရားဝင်မှုဆိုင်ရာ ပြောဆိုချက် (Legitimacy Narratives) ပါ။ တိုင်းပြည်တစစီ ပြိုကွဲမသွားအောင် သူတို့သာထိန်းထားနိုင်တယ်လို့  စစ်တပ်က ပြောနေပေမဲ့ အခုတော့ အဲဒီစကားဟာ အဓိပ္ပာယ်မရှိတော့ပါဘူး။

ပဉ္စမအချက်က လူမှုစီးပွား သဘောတူညီချက် (Socioeconomic Compact) ပျက်စီးသွားတာပါ။ အာရှအာဏာရှင်တွေ ကျင့်သုံးလေ့ရှိတဲ့ "နိုင်ငံရေးထဲမပါနဲ့၊ ချမ်းသာအောင် လုပ်ပေးမယ်" ဆိုတဲ့ ကတိဟာ မြန်မာပြည်မှာတော့ လုံးဝ မရှိတော့ပါဘူး။ စစ်တပ်ဟာ စီးပွားရေးကို "စတာလင်ဝါဒ" (Stalinist Economy) လို စီမံခန့်ခွဲမှု အလွဲတွေနဲ့ ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေအတွက် ဘာမျှော်လင့်ချက်မှ မရှိတော့ပါဘူး။

နောက်ဆုံး ဆဋ္ဌမအချက်ကတော့ နိုင်ငံတကာပတ်ဝန်းကျင် (International Environment) ပါ။ ဒါကတော့ အခက်ခဲဆုံး အပိုင်းဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာပြည်ကို "လက်အောက်ခံနိုင်ငံ" တခုလို သဘောထားပြီး အမြတ်ထုတ်လိုတဲ့ သဘောထားမျိုးနဲ့ ဆက်ဆံနေပါတယ်။ အမေရိကန်ရဲ့ ပါဝင်ပတ်သက်မှုကလည်း အရင်ကထက် လျော့နည်းနေတာဟာ တော်လှန်ရေး အင်အားစုတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။ 

ရှောင်တာနယ်ရဲ့ အဆိုအရ ဒီအချက် ၆ ချက်ထဲမှာ ၃ ချက်က အပြောင်းအလဲဘက်မှာ ရှိနေတယ်၊ ၂ ချက်က ဘယ်ဘက်ယိမ်းမလဲဆိုတာ စောင့်ကြည့်ရဦးမယ်၊ နောက်ဆုံး ၁ ချက်ကတော့ စစ်ကောင်စီဘက်မှာ ရှိနေတာပါ။ ဒါကြောင့် အပြောင်းအလဲအတွက် အကောင်းမြင်စရာ မျှော်လင့်ချက်တချို့ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တော်လှန်ရေး အင်အားစုတွေ အခန်းကဏ္ဍ 

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ရှောင်တာနယ်က ပွင့်ပွင့်လင်းလင်း သုံးသပ်ပြထားပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း သူနဲ့ ပတ်သက်လို့ ဘာသတင်းမှ အပြင်ကို ထွက်မလာခဲ့ပါဘူး။ စစ်ကောင်စီက သူကျန်းမာကြောင်း ပြောနေပေမဲ့ ဒါဟာ ဘာအထောက်အထားမှမရှိဘဲ "လှည့်ဖြားနေတာ" သာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ဟာ သူတော်စင်တယောက် အာဇာနည်တယောက် မဟုတ်ဘဲ နိုင်ငံအကျိုးအတွက် အလျှော့အတင်းလုပ်နိုင်တဲ့ "နိုင်ငံရေးသမား" တယောက်လို့ သူကမြင်ပါတယ်။ တကယ်လို့ သူနဲ့ပတ်သက်တဲ့ သတင်းဆိုးတခုခု ထွက်လာခဲ့ရင် ဒါဟာ ပြည်သူတွေအတွက် စစ်ကောင်စီကို အဆုံးသတ်တိုက်ထုတ်ဖို့ နောက်ဆုံး တွန်းအား (Catalyst) ဖြစ်သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

လက်ရှိ တော်လှန်ရေးမှာ ယူကရိန်း မော်ဒယ်လို ဒရုန်းနည်းပညာတွေကို အသုံးပြုပြီး တိုက်ပွဲဝင်နေတဲ့ မြန်မာလူငယ်တွေရဲ့ တီထွင်နိုင်စွမ်းဟာ စစ်ကောင်စီရဲ့ အားနည်းချက်တွေကို ကောင်းကောင်း ထိုးနှက်နေနိုင်ပါတယ်။ ပြည်ပရောက် မြန်မာတွေကလည်း ၅ နှစ်တိုင်တိုင် ဇွဲနပဲနဲ့ ထောက်ပံ့နေကြပါတယ်။ ဒီညီညွတ်မှုဟာ စစ်အာဏာရှင်ကို အနိုင်ယူဖို့ တခုတည်းသော သော့ချက်ဖြစ်လိမ့်မယ်၊ အပြောင်းအလဲအတွက် အဓိက မောင်းနှင်အား ဖြစ်လိမ့်မယ်လို့ သူကထင်မြင်ပါတယ်။ 

ရှေ့ဆက်ရမဲ့ လမ်း

၂၀၂၆ ဟာ စိန်ခေါ်မှုတွေ ရှိနေဦးမှာဖြစ်ပေမဲ့ လွတ်လပ်မှုအရုဏ်ဦးကို မြင်တွေ့ရမဲ့ နှစ်တနှစ် ဖြစ်လာလိမ့်မယ်လို့ သူက ပြောပါတယ်။  စီးပွားရေး ပျက်ပြားမှု၊ အတိုက်အခံတွေရဲ့ ညီညွတ်မှုနဲ့  မြန်မာပြည်သူတွေရဲ့ မလျော့သော ဇွဲလုံ့လ ပြင်းပြတဲ့ တော်လှန်လိုစိတ်တွေက စစ်ကောင်စီကို အဆုံးသတ်ဆီကိုပဲ တွန်းပို့နေပါလိမ့်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ တရုတ်ဩဇာခံအဖြစ် ရပ်တည်ပြီး အာဏာမြဲဖို့ ကြိုးစားနေပေမဲ့ ပြည်တွင်းမှာ စီးပွားရေးနဲ့ တရားဝင်မှု ပြိုလဲပြီး ရေရှည်မခံနိုင်တာကြောင့် နိုင်ငံတကာအနေနဲ့လည်း မြန်မာနိုင်ငံ လွတ်လပ်ချိန်မှာကူညီကြဖို့ အသင့်ပြင်ထားသင့်တယ်လို့ ရှောင်တာနယ်က တိုက်တွန်းထားပါတယ်။ 

သန်းဝင်းထွဋ်

ကိုးကား: Sean Turnell – Myanmar in 2026: What is the future?

( The Sydney Institute မှာ ကျင်းပခဲ့တဲ့ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ် (Sean Turnell) ရဲ့  "Myanmar in 2026: What is the future?"  ဟောပြောချက်)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013