Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ မရပ်မချင်း အာဆီယံ ရပ်တည်ချက်မပြောင်း 
DVB
·
February 9, 2026
Photo: ISEAS – Yusof Ishak Institute

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မရပ်တန့်မချင်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုမှာမဟုတ်သလို အာဆီယံရဲ့ ရပ်တည်ချက် ပြောင်းလဲမှာမဟုတ်ဘူးလို့ လက်ရှိအာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စ မာရီယာ ထရက်ဆာပရဲညို လာဇာရိုက  ပြောပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က စင်ကာပူနိုင်ငံမှာ  ISEAS – Yusof Ishak Institute ကစီစဉ် ကျင်းပတဲ့  ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် လည်းဖြစ်တဲ့ မစ္စလာဇာရိုကပြောကြားခဲ့တာလို့  The Straits Times စင်ကာပူ သတင်းစာမှာဖော်ပြပါတယ်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘုံသဘောတူညီချက် ၅ ချက်ကို မူဝါဒအခြေခံအဖြစ် ဆက်လက်ကိုင်စွဲထားတယ်လို့လည်း  သူက ထပ်လောင်းအတည်ပြုပါတယ်။

မစ္စလာဇာရိုက “ဘုံသဘောတူညီချက် ၅ ချက်ဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ဆက်ရှိနေမှာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ ရွေးကောက်ပွဲအပြီးမှာ အခြေအနေတွေ ပိုကောင်းလာနိုင်တယ်လို့ ရှုမြင်ပေမဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကတော့ အပြောင်းအလဲတွေကို လက်တွေ့မမြင်ရမချင်း စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

အာဆီယံရဲ့ ရပ်တည်ချက်ကို ပြန်လည်စဉ်းစားဖို့ ဘယ်လိုအခြေအနေတွေက တွန်းအားဖြစ်စေနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ လာဇာရိုက အကြမ်းဖက်မှုတွေ ရပ်တန့်သွားခြင်းက အဓိကအချက်ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းမှာတော့ အာဏာသိမ်းစစ်တပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ကျေးရွာတွေကို စစ်ကြောင်းထိုး ရွာမီးရှို့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်လက်ရှိနေတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စလာဇာရိုဟာ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ကို သွားရောက်ကာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့သလို တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း ဖိလစ်ပိုင်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က စစ်ကောင်စီနဲ့ ပိုမိုလက်တွေ့ကျကျ ထိတွေ့ဆက်ဆံဖို့ ချဉ်းကပ်မှုတွေ ရှိနေပေမဲ့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကတော့ လက်ရှိ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ကြောင်း လာဇာရိုက အခိုင်အမာပြောထားပါတယ်။ 

လက်ရှိမှာလည်း မြန်မာစစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် အခုနှစ်မှာ ရရှိရမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခွင့် လက်လွှတ်ခဲ့ရပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားပြီး နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ နိုင်ငံခြားရေး အရာရှိတွေပဲ တက်ရောက်ခွင့်ပြုထားပါတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈၊ ဇန်နဝါရီ ၁၁ နဲ့ ဇန်နဝါရီ ၂၅ ရက်တို့မှာ ၃ ကြိမ်ခွဲ ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ တဖက်သတ် ရွေးကောက်ပွဲမှာတော့ စစ်တပ်ကျောထောက် နောက်ခံပြု ကြံ့ဖွံ့ပါတီက အနိုင်ရပြီး အစိုးရဖွဲ့ပြင်ဆင်နေပါတယ်။ 

အာဆီယံ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ကတော့ စစ်ကောင်စီရဲ့ ဒီရွေးကောက်ပွဲကနေ အနိုင်ရထွက်ပေါ်လာမဲ့ ဘယ်အဖွဲ့အစည်းကိုမှ အဆောတလျင် အသိအမှတ်ပြုတာတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို  ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။ 

Source: The Straits Times

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013