
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ပဋိပက္ခတွေ ရပ်တန့်ဖို့ အာဆီယံက ဆက်လက် ဖိအားပေးနေချိန်မှာပဲ ထိုင်းနိုင်ငံကတော့ ရွေးကောက်ပွဲအလွန် အစိုးရသစ်နဲ့ ချိန်ညှိထိတွေ့ဆက်ဆံသင့်တယ်လို့ ပြောကြားလိုက်တဲ့အကြောင်း Bangkok Post သတင်းမှာ ဇန်နဝါရီ ၂၉ ရက်က ဖော်ပြပါတယ်။
အရှေ့တောင်အာရှ ထိပ်သီးသံတမန်တွေ အခုနှစ်အတွင်း ပထမဆုံး အဓိကတွေ့ဆုံမှုအဖြစ် ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ခုလိုပြောလိုက်တာပါ။
အိမ်ရှင်နဲ့ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း အာဆီယံအနေနဲ့ ရွေးကောက်ပွဲရလဒ်ကို အတည်မပြုပေမဲ့ အဆိုပါမဲပေးမှုမှာ အလားအလာရှိတဲ့ အပြုသဘောဆောင်တဲ့ တိုးတက်မှုတချို့ကို မြင်တွေ့ရတဲ့အကြောင်း ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်က ရိုက်တာသတင်းဌာနကို ပြောကြားရာမှာတော့ ၂၀၂၂ ခုနှစ်က စတင်ပြီးတော့ မြန်မာစစ်ခေါင်းဆောင်တွေကို အာဆီယံက ပိတ်ပင်ထားပေမဲ့ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြှင့်ခွင့်ပေးတာ၊ အကြမ်းဖက်မှု လျှော့ချတာတွေလို လိုအပ်ချက်တချို့ ပြည့်မီပါက ရွေးကောက်ပွဲကနေ ထိတွေ့ဆက်ဆံမှုဆီ ဦးတည်သွားနိုင်ကြောင်း ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် “နေပြည်တော်က အစိုးရသစ်နဲ့ ကျနော်တို့ ထိတွေ့ဆက်ဆံရမယ်လို့ ထင်ပါတယ်။ သူတို့က မတ်လမှာ အစိုးရဖွဲ့တော့မှာပါ” လို့ အစည်းအဝေးအနားယူချိန် အင်တာဗျူးမှာ ပြောကြားခဲ့ပြီး မြန်မာဘက်ကလည်း အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေနဲ့ တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း ဖြည့်စွက်ပြောပါတယ်။
“မြန်မာနိုင်ငံက အာဆီယံထဲကို ချက်ချင်းပြန်ဝင်လာဖို့ ကျနော်တို့ မမျှော်လင့်ပါဘူး။ ဒါကြောင့်လည်း ကျနော်တို့က စံသတ်မှတ်ချက်တွေထားရှိတဲ့ ချိန်ညှိပြန် လည်ထိတွေ့ဆက်ဆံမှုမျိုးကို အဆိုပြုနေတာဖြစ်ပါတယ်။”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈၊ ဇန်နဝါရီ ၁၁ နဲ့ ဇန်နဝါရီ ၂၅ ရက်တို့မှာ သုံးကြိမ်ခွဲ ကျင်းပခဲ့တဲ့ စစ်အုပ်စုရဲ့ တဖက်သတ် ရွေးကောက်ပွဲမှာတော့ စစ်တပ်ကျောထောက် နောက်ခံပြု ကြံ့ဖွံ့ပါတီက အစိုးရဖွဲ့ဖို့ အနိုင်ရရှိခဲ့တာဖြစ်ပြီး NLD ပါတီ အပါအဝင် အတိုက်အခံအုပ်စု အများစုကတော့ ပိတ်ပင်ခံထားရတာကြောင့် အဆိုပါရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိခဲ့ပါဘူး။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားအဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက အဆိုပါမဲပေးမှုကို စစ်တပ်က အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဖို့ ဟန်ပြလုပ် ဆောင်ချက်အဖြစ် ရှုတ်ချခဲ့ကြပေမဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ နိုင်ငံတကာသဘောထားတွေ ဘယ်လိုပင်ရှိစေကာမူ ပြည်သူ့ဆန္ဒမဲက တရားဝင်မှုကို ဖြစ်စေတယ်လို့ ပြောကြားထားပါတယ်။
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုကတော့ အာဆီယံအဖွဲ့ဝင်နိုင်ငံ တချို့ဟာ ရွေးကောက်ပွဲရလဒ်တွေကို လေ့လာနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
“ဒါက ထောက်ခံမှုကို ဖော်ပြတာမဟုတ်ပေမဲ့ ဒီရွေးကောက်ပွဲတွေက အပြုသဘောဆောင်တဲ့ အရာတခု ဖြစ်လာနိုင်တယ်ဆိုတဲ့ အမြင်နဲ့ပါ။”
ဒါ့အပြင် မြန်မာနိုင်ငံနဲ့ အာဆီယံအကြား ထိတွေ့ဆက်ဆံမှုဟာ အကြမ်းဖက်မှု ရပ်တန့်ရေး၊ သက်ဆိုင်သူတွေကြား ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးတို့ အပါအဝင် “ဘုံသဘောတူညီချက် ၅ ရပ် အတိုင်း ဆက်လက် လမ်းညွှန်နေဆဲဖြစ်ကြောင်းလည်း သူက ပြောလိုက်ပါတယ်။
လက်ရှိမှာလည်း မြန်မာစစ်ကောင်စီဟာ ငြိမ်းချမ်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွက်တာကြောင့် အခုနှစ်မှာ ရရှိရမဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခွင့် လက်လွှတ်ခဲ့ရပါတယ်။
အာဆီယံအနေနဲ့ စစ်ကောင်စီခေါင်းဆောင်တွေကို အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ထားပေမဲ့ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ အရာရှိတွေကို တက်ရောက်ခွင့်ပြုထားပြီး အခု စီဘူးအစည်းအဝေးကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး လာဇာရိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က နေပြည်တော်ကို သွားရောက်ကာ မြန်မာစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့အပေါ် မြန်မာနဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ရှိတဲ့ အရပ်ဘက်အဖွဲ့အစည်း ၉၉ ဖွဲ့က ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင်အစိုးရရဲ့ လုပ်ရပ်ဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို ချိုးဖောက်နေကာ တရားမဝင် စစ်အုပ်စုကို မှားယွင်းတဲ့ တရားဝင်မှု ပေးအပ်ရာ ရောက်နေတယ်ဆိုပြီး ထောက်ပြထားပါတယ်။
ဖိလစ်ပိုင်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို တရားဝင်မှုပေးနေတဲ့ အဆင့်မြင့်ထိတွေ့မှုတွေကို ချက်ချင်းရပ်တန့်ဖို့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို လူသိရှင်ကြား ငြင်းပယ်ဖို့နဲ့ NUG နဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့သာ တရားဝင် ထိတွေ့ဆက်ဆံဖို့လို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။
အစည်းအဝေးအပြီးထုတ်ပြန်ချက်မှတော့ ၂၀၂၆ ခုနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် ထရီဆာ လာဇာရို ကို ခန့်အပ်လိုက်တာကို ကြိုဆိုကြောင်းနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် အားလုံးပါဝင်ပြီး ခိုင်မာတဲ့၊ ငြိမ်းချမ်းတဲ့ အဖြေတခုရလာအောင် စေ့စပ်ညှိနှိုင်းပေးမဲ့ အထူးကိုယ်စားလှယ်ရဲ့ လုပ်ငန်းစဉ်တွေကို အပြည့်အဝ ထောက်ခံအားပေးသွားမယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြသလို၊ သဘောတူညီချက် ၅ ရပ် ကို ဆက်လက် အကောင် အထည်ဖော်သွားမယ်ဆိုတဲ့ ကတိကဝတ်ကိုလည်း ထပ်လောင်း အတည်ပြုခဲ့ကြပါတယ်။
အဓိပ္ပာယ်ရှိတဲ့ နိုင်ငံရေးတိုးတက်မှုတွေ ဖြစ်လာဖို့ဆိုရင် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့လိုတယ်၊ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေ ရှိဖို့လိုတယ်၊ ငြိမ်းချမ်းပြီး လုံခြုံမှုရှိတဲ့ ပတ်ဝန်းကျင်တခုရှိရမယ်၊ မြန်မာပြည်သူတွေ ကိုယ်တိုင်ပိုင်ဆိုင်ပြီး ဦးဆောင်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အာဆီယံအနေနဲ့ ကူညီသွားမယ်လို့ အာဆီယံဝန်ကြီးတွေက ကတိကဝတ်ပြုခဲ့ကြပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး တရားမျှတတဲ့၊ ငြိမ်းချမ်းတဲ့၊ ပွင့်လင်းမြင်သာမှုရှိပြီး အားလုံးပါဝင်နိုင်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ အရေးကြီးတယ်ဆိုတဲ့ အာဆီယံရဲ့ ရပ်တည်ချက်ကို ထပ်လောင်းပြောဆိုခဲ့ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကန့်ကွက်တာ ထောက်ခံတာတွေ မလုပ်ပဲ ရွေးကောက်ပွဲ ၃ ဆင့် ပြီးဆုံးသွားတာကို မှတ်တမ်းတင် ကြောင်းသာ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အထူးသဖြင့် ထိခိုက်ခံစားရတဲ့ လူမှုအသိုက်အဝန်းတွေမှာ ယာယီစာသင်ကျောင်းတွေနဲ့ ဘာသာရေး အဆောက်အအုံတွေ ဆောက်လုပ်လှူဒါန်းပေးဖို့ ကတိပြုခဲ့ပြီး အာဆီယံရဲ့ ကြိုးပမ်းမှုတွေ ရေရှည်တည်တံ့စေဖို့အတွက် အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲတွေရဲ့ အရေးပါမှုကို အသိအမှတ်ပြုတယ်လို့လည်း ဖော်ပြထားပါ။


