
နီပါးဗိုင်းရပ်စ်ရောဂါအခြေအနေကို စောင့်ကြပ်ကြည့်ရှုနေပြီး ရောဂါဖြစ်ပွားရာဒေသသို့ မသွားကြဖို့နဲ့ ရောဂါဖြစ်ရာနေရာတွေကနေ ပြန်လာသူတွေ သတင်းပို့ကြဖို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နီပါးဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်တဲ့ မြန်မာပြည်သူများသို့ အသိပေးချက် ဇန်နဝါရီ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
အခုထိ မြန်မာနိုင်ငံမှာ နီပါးဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားတာ မတွေ့ရပေမဲ့ မူလလက်ခံကောင်ဖြစ်တဲ့ သစ်သီးစားလင်းနို့/လင်းဆွဲတွေ ပေါတဲ့ဒေသဖြစ်ပြီး ကူးစက်မှု မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့အတွက် နီပါးဗိုင်းရပ်စ် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းတွေကို အလေးပေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ နိုင်ငံသားတွေအနေနဲ့ နီပါးဗိုင်းရပ်စ်ရောဂါ လတ်တလောဖြစ်ပွားနေတဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို မလိုအပ်ဘဲ ခရီးမသွားဖို့၊ လတ်တလော အဲဒီဒေသကို ရောက်နေသူတွေအနေနဲ့ ရောဂါဖြစ်ပွားတဲ့နေရာက ဆေးရုံနဲ့ ဖျားနာသူများတဲ့ နေရာတွေကို မလိုအပ်ဘဲ မသွားဖို့၊ လက်ရှိ အဲဒီဒေသကို ခရီးသွားပြီး မြန်မာနိုင်ငံကို ပြန်လာချိန် သံသယရောဂါတွေဖြစ်တဲ့ ပြင်းထန်စွာ ဖျားတာ၊ ခေါင်းကိုက်တာ၊ ချောင်းဆိုးတာနဲ့ အသက်ရှူရ ခက်ခဲတာ၊ စိတ်ရှုပ်ထွေးတာ ဒါမှမဟုတ် အိပ်ငိုက်တာတွေကို ခံစားရပါက လေဆိပ်ကျန်းမာရေးဌာနနဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေက ကျန်းမာရေးဝန်ထမ်းတွေကို မပျက်မကွက် သတင်းပို့ဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် ရောဂါဖြစ်ပွားတဲ့ဒေသက ပြန်လာပြီး ၁၄ ရက်အတွင်း အခုလိုမျိုး သံသယ ရောဂါလက္ခဏာတွေ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ချင်း ဆက်သွယ်ဖို့ လိုအပ်ပြီး ရောဂါဖြစ်ပွားရာဒေသကို ခရီးသွားခဲ့တဲ့ ရာဇဝင်ရှိကြောင်းကို ပြောပြကာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးကုသမှုကို အချိန်မီခံယူဖို့လည်း တိုက်တွန်းထားပါတယ်။
မိသားစုမှာ ရောဂါဖြစ်ပွားရာ နိုင်ငံတွေက ပြန်လည်ရောက်လာတဲ့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာရှိသူတွေကို တွေ့ရှိတာနဲ့ နေထိုင်ရာပတ်ဝန်းကျင်မှာ ဝက်/လင်းနို့တို့ ထူးထူးခြားခြား သေဆုံးနေတာကို တွေ့ရရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနကို ချက်ချင်း အသိပေး အကြောင်းကြားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
နီပါးဗိုင်းရပ်စ်ဟာ ကိုဗစ်-၁၉ လို အသစ်ပေါ်ပေါက်လာတဲ့ ဗိုင်းရပ်စ်ပိုးမဟုတ်ဘဲ ၁၉၉၉ ခုနှစ်က မလေးရှားနိုင်ငံ၊ နက်ဂရီဆင်းဘီလန်ပြည်နယ်၊ ပို့ဒစ်ဆင်ခရိုင်၊ ဆွန်ဂိုင်းနီပါး(Sungai Nipah) ရွာမှာ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့စဉ်က စတင်တွေ့ရှိခဲ့လို့ "နီပါး ဗိုင်းရပ်စ်" လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီရောဂါကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၂၀၀၁ ခုနှစ်က စတင်တွေ့ရှိခဲ့ရာမှ နှစ်စဉ်နီးပါး ရောဂါ ဖြစ်ပွားမှု ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာလည်း ရောဂါဖြစ်ပွားမှုတွေ ရှိခဲ့ပါတယ်။
လတ်တလော အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ ရောဂါပိုး ကူးစက်ပြန့်ပွားနေတာကြောင့် မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ကူးစက်ပြန့်ပွားလာခြင်း မရှိစေဖို့ ကြိုတင်ကာကွယ်ရေးတွေ ဆောင်ရွက်နေပါတယ်။
အထူးသဖြင့် နိုင်ငံတကာခရီးသွားဧည့်သည်တွေ အဝင်အထွက်များတဲ့ ဘန်ကောက် ဒွန်းမောင်း၊ သုဝဏ္ဏဘူမိ၊ ချင်းမိုင်၊ ဖူးကက်၊ ချွန်းပူးရီး စတဲ့ လေဆိပ်တွေမှာ ခရီးသည်တွေကို အပူချိန်တိုင်းတာ၊ ခရီးသွားရာဇဝင် စစ်ဆေးနေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
အလားတူ အိန္ဒိယနိုင်ငံသားတွေ အလာများတဲ့ ဖူးကက်၊ ချွန်းပူးရီး စတဲ့လေဆိပ်တွေမှာလည်း ခရီးသွားတွေကို အပူချိန်စစ်ဆေးတာ၊ ခရီးသွားရာဇဝင် မေးမြန်းတာတွေ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
အိန္ဒိယနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကလည်း ဗုဒ္ဓဂါယာကို ဘုရားဖူးထွက်နေတဲ့ မိမိနိုင်ငံသားတွေအနေနဲ့ ကူးစက်ရောဂါ ပြန့်ပွားနေတဲ့ အနောက်ဘန်ဂေါပြည်နယ်ကို ခရီးသွားလာတာ ရှောင်ကြဉ်ဖို့၊ သန့်ရှင်းမှုကို ဂရုပြုဖို့၊ တစုံတရာဖြစ်ပေါ်က အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ ထိုင်းကောင်စစ်ဝန်ရုံးကို ၂၄ နာရီ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
လတ်တလော အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ သေဆုံးနိုင်ခြေမြင့်တဲ့ နီပါးဗိုင်းရပ်စ် ရောဂါပိုး ကူးစက်နေပြီး ကျန်းမာရေးဝန်ထမ်း ၅ ယောက် ကူးစက်ခံထားရတာကြောင့် သက်ဆိုင်ရာက လူပေါင်း ၁၀၀ လောက်ကို နေအိမ်မှာ သီးခြားခွဲနေဖို့ ညွှန်ကြားထားပါတယ်။
နီပါးဗိုင်းရပ်စ်ဟာ လင်းနို့နဲ့ ဝက်လို တိရစ္ဆာန်တွေကတဆင့် လူကို ကူးစက်နိုင်သလို လူအချင်းချင်းလည်း ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစား ဖြစ်ပြီး ရောဂါလက္ခဏာမှာ အပြင်းဖျားတာ၊ ခေါင်းကိုက်တာ၊ အသက်ရှူကျပ်တာတွေ ဖြစ်နိုင်ပြီး ပြင်းထန်ပါက ဦးနှောက်ရောင်တာ၊ သတိလစ်တာ၊ တက်တာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အဲဒီရောဂါအတွက် ကာကွယ်ဆေး မရှိသလို ပျောက်ကင်းအောင် တိုက်ရိုက်ကုသနိုင်တဲ့ ဆေးလည်း မရှိသေးဘဲ ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေ ပေါ်မှာသာ ကုသနိုင်တာကြောင့် သေဆုံးနှုန်းဟာ ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။


