
အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားနေတဲ့ နီပါးဗိုင်းရပ်စ်ကို ရခိုင်ပြည်သူတွေအနေနဲ့ အထူးသတိထားကြဖို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်ပါတယ်။
နီပါးဗိုင်းရပ်စ်မှာ ကုသဆေးနဲ့ ကြိုတင်ကာကွယ်ဆေး မရှိသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ အန်တာ၊ ချောင်းဆိုးတာ၊ မူးဝေတာ၊ ဦးနှောက်ရောင်တာနဲ့ တက်တာတွေ စတဲ့ ရောဂါလက္ခဏာ ခံစားကြရရင် နေ့ညမရွေး နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက်ကုသကြဖို့ကိုလည်း ကျန်းမာရေးဌာနက ပြောထားပါတယ်။
လက်ရှိမှာ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်မှာ နီပါးရောဂါ ကူးစက်သူ ၅ ယောက်ရှိပြီး တခြားသံသယရှိသူ ၁၀၀ ခန့် ရှိနေတဲ့အတွက်လည်း သီးခြားခွဲထားရတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နဲ့ အဓိကကုန်သွယ်မှု ပြုလုပ်နေရတာကြောင့် ရခိုင်ပြည်သူတွေအနေနဲ့ ကျန်းမာရေးသတိ မပေါ့ဆသင့်သလို အာဏာပိုင်တွေ အနေနဲ့လည်း နယ်စပ်ဖြတ်ကျော် ကုန်သည်တွေကို ကျန်းမာရေးစစ်ဆေးချက်တွေ ပြုလုပ်သင့်တယ်လို့ ရခိုင်က ကျန်းမာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
“နီပါးဗိုင်းရပ်စ်က အိန္ဒိယမှာ ဖြစ်နေတာဆိုတော့ ရခိုင်ပြည်အတွက်လည်း သတိထားရပါမယ်။ ရခိုင်ပြည်က မီဇိုရမ်နဲ့ အဓိက ကုန်သွယ်မှုတွေ ပြုလုပ်နေရတာဆိုတော့ သတိဆိုတာက ရှိထားတာ အကောင်းဆုံးပါပဲ။ မီဇိုရမ်ကို ဗိုင်းရပ်စ်က မရောက်ရှိသေးပေမဲ့ ကုန်သည်တွေအနေနဲ့ မပေါ့ဆသင့်သလို အာဏာပိုင်တွေဘက်ကလည်း လိုအပ်တဲ့ ဆေးစစ်မှုတွေ ပြုလုပ်နိုင်ဖို့ ပြင်ဆင်ထားတာ အကောင်းဆုံးလို့ ထင်တယ်။”
နီပါးဗိုင်းရပ်စ်ဟာ သေဆုံးနှုန်းမြင့်မားတဲ့ ရောဂါတခုဖြစ်ပြီး ကုသမှုပေါ် မူတည်ပြီးတော့ သေဆုံးမှု ၄၀ ရာခိုင်နှုန်းကနေ ၇၅ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ခန့်မှန်းထားပါတယ်။
နီပါးဗိုင်းရပ်စ်ဟာ လင်းနို့ကိုက်ထားတဲ့ အသီးအရွက်တွေ၊ လူအချင်းချင်း နီးနီးကပ်ကပ် ထိတွေ့ ပြောဆိုတာ၊ ချောင်းဆိုး၊ နှာချေတာတွေ၊ လူနာခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေ၊ တံတွေး၊ အညစ်အကြေးတွေကတဆင့် ကူးစက်နိုင်တဲ့အတွက်လည်း အထူးသတိထားကြဖို့ AA ရဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ကုသဆေးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်နည်းတွေဖြစ်တဲ့ လက်ကို ဆပ်ပြာနဲ့ ဆေးကြောတာ၊ လင်းနို့ကိုက်ထားတဲ့ အသီးတွေ မစားတာ၊ ဖျားနာလူနာတွေနဲ့ နီးကပ်စွာမနေတာ၊ လူနာပြုစုတဲ့အခါ Mask၊ လက်အိပ်တပ်ဆင် လုပ်ကြပြီး ကာကွယ်ကြဖို့ကိုလည်း သတိပေး ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ နီပါးဗိုင်းရပ်စ်ကြောင့် အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ မလေးရှား နိုင်ငံတို့မှာလည်း စစ်ဆေးမှုတွေနဲ့ သတိထားစောင့်ကြည့်မှုတွေ ပြုလုပ်နေ ပါတယ်။


