
အိန္ဒိယနိုင်ငံ၊ ဂျာခန်ပြည်နယ်မှာ ပျက်ကျခဲ့တဲ့ ဘီးချ်ခရာ့ဖှ်ထ် လူနာတင်လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လူနာနဲ့ သူ့ဆွေမျိုးတွေအပြင် လေယာဉ်ဝန်ထမ်း ၂ ယောက် အပါအဝင် လူ ၇ ယောက်စလုံး သေဆုံးသွားပြီလို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
Redbird Airways က ပိုင်ဆိုင်တဲ့ အဲဒီ Beechcraft C90 လေယာဉ်ဟာ တနင်္လာနေ့က ပြည်နယ်မြို့တော် ရန်ချီကနေ ပျံတက်ခဲ့တာဖြစ်ပြီး ရာသီဥတု အခြေအနေကြောင့် လေယာဉ်လမ်းကြောင်း ပြောင်းလဲဖို့ တောင်းဆိုခဲ့တယ်လို့ အိန္ဒိယနိုင်ငံရဲ့ မြို့ပြလေကြောင်း ဦးစီးဌာန (DGCA) က ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာတော့ လေယာဉ်ဟာ မြေပြင် ထိန်းချုပ်ရေးစခန်းနဲ့ အဆက်အသွယ် ပြတ်တောက်သွားသလို ရေဒါပေါ်ကနေပါ ပျောက်ဆုံးသွားခဲ့တယ်လို့ DGCA က အတည်ပြုခဲ့ပါတယ်။
ချာတရာခရိုင်ရဲ့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ကီယာသီ ရှရီ ဂျီက “လေယာဉ်ဟာ ပြည်နယ်မြို့တော် ရန်ချီမှ ဒေလီမြို့ကို လူနာပို့ဆောင်နေချိန်မှာ လမ်းခရီးအတွင်း မိုးကြိုးမုန်တိုင်းကြောင့် ပျက်ကျခဲ့တာ” လို့ ပြောကြားခဲ့ပါတယ်။
သတင်းရရချင်းမှာပဲ ကျန်းမာရေးအဖွဲ့တွေနဲ့အတူ အခင်းဖြစ်နေရာကို အမြန်ဆုံးသွားခဲ့ကြပေမဲ့ ကံဆိုးစွာပဲ အားလုံးသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
အလောင်းတွေကိုတော့ ရင်ခွဲစစ်ဆေးဖို့နဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ ပို့ဆောင်ထားပါတယ်။
အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ အိန္ဒိယရဲ့ လေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုက အဖွဲ့တဖွဲ့ကို စေလွှတ်လိုက်တယ်လို့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
လေကြောင်းပျက်ကျမှု အများစုဟာ အကြောင်းအချက်ပေါင်းများစွာ ပေါင်းဆုံမှုကြောင့်ဖြစ်ပြီး စုံစမ်းစစ်ဆေးဖို့ အနည်းဆုံး တနှစ်လောက် ကြာနိုင်တယ်လို့ လုပ်ငန်းနယ်ပယ် ကျွမ်းကျင်သူတွေက ပြောပါတယ်။
Source: Reuters


