
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တယောက်လျော့ နယူးကာဆယ်အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ယာယီနည်းပြ မိုက်ကယ်ကာရစ်လက်ထက်မှာ ပထမဆုံး ရှုံးပွဲတွေ့သွားပါတယ်။
ဒီပွဲမှာ နယူးကာဆယ်က မန်ယူအသင်းကို ပွဲအစကတည်းက ဖိကစားနေခဲ့တာပါ။ ပထမပိုင်း ပွဲကစားချိန် ၄၅ မိနစ်ပြီးလို့ နာကျင်အချိန်ပိုမှာနယူးကာဆယ်ကွင်းလယ်လူ ရမ်ဆေး နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံလိုက်ရပါတယ်။
ဒါပေမဲ့နောက် ၅ မိနစ်အကြာမှာ နယူးကာဆယ်က ပင်နယ်တီရခဲ့ပြီး အဲဒီပင်နယ်တီကို တိုက်စစ်မှူး ဂေါ်ဒွန်က သွင်းယူနိုင်ခဲ့ပါတယ်။
မန်ယူအသင်းအတွက် ချေပဂိုးကိုတော့ နောက် ၃ မိနစ်အကြာ ပထမပိုင်း နာကျင်အချိန်ပိုမှာပဲ ကက်စီမဲရိုးက ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်း တပိုင်းလုံးလည်း နယူးကာဆယ်အသင်းက ကစားကွက်အသာနဲ့ကစားခဲ့ပြီး ဒုတိယပိုင်းပွဲချိန် မိနစ် ၉၀ မှာတော့ လူစားဝင်လာတဲ့ နယူးကာဆယ် တိုက်စစ်မှူး ဝီလီယံ အိုဆူလာက ပင်နယ်တီ ဧရိယာထိပ်ကနေ ဝေ့ဝိုက်ကန်သွင်းပြီး အနိုင်ဂိုးရယူသွားခဲ့ပါတယ်။
အမှတ်ပေးဇယား အဆင့် ၃ နေရာက မန်ချက်စတာယူနိုက်တက် အသင်းအတွက်တော့ ယာယီနည်းပြကာရစ်လက်ထက်မှာ ပထမဆုံး ရှုံးနိမ့်ခဲ့တာဖြစ်ပြီး လာမဲ့ပွဲမှာ အဆင့် ၄ နေရာက အက်စတွန်ဗီလာအသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။


