
အစ္စရေးနဲ့ အီရန်တို့ကြား စစ်ရေးတင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ပြင်ပလေကြောင်းရန်စမှုတွေကို ရေရှည်ခုခံနိုင်တဲ့ လက်နက်ခဲယမ်းနဲ့ စားနပ်ရိက္ခာ အလုံအလောက်ရှိတယ်လို့ ယူအေအီးရဲ့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး အဗ္ဗဒူလ်နက်ဆာအယ်လ်ဟူမိုင်ဒီက မတ် ၃ ရက်မှာ ပြော ပါတယ်။
ယူအေအီးနိုင်ငံဟာ ဘယ်လိုအခြေအနေမျိုးမှာမဆို မိမိတို့ရဲ့ အချုပ်အခြာအာဏာ၊ လုံခြုံရေးနဲ့ နယ်မြေတည်ငြိမ်မှုကို ထိပါးနှောင့်ယှက်လာတာမျိုးကို လုံးဝလက်ခံမှာမဟုတ်ကြောင်းနဲ့ ကျူးကျော် လာမှုမှန်သမျှကို တွန်းလှန်ဖို့အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှု အားလုံးကို လုပ်ဆောင် သွားမှာပါလို့ အဘူဒါဘီမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ဟူမိုင်ဒီက “ယူအေအီးမှာ အဆင့်မြင့်ပြီး ဘက်စုံလွှမ်းခြုံနိုင်တဲ့ အနီးပစ်၊ အလယ် အလတ်နဲ့ အဝေးပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ရှိပါတယ်။ ဒီစစ်ဆင်ရေးတွေကို ရေရှည်ထိန်းထားနိုင်ဖို့ လက်နက်ခဲယမ်း အလုံအလောက်ကိုလည်း အရန်သင့် စုဆောင်းထားပြီးသား ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ ယူအေအီးနိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး ရီးမ် အလ်ဟာရှိမိုင် က “အခြေအနေတွေက စိုးရိမ်စရာကောင်းနေပေမဲ့ ကျနော်တို့ကတော့ မျှတတဲ့ ရပ်တည်ချက်ကိုပဲ ဆက်လက်ဆုပ်ကိုင်ထားပါတယ်။ ပဋိပက္ခတွေ ကျယ်ပြန့်လာတာကို မလိုလား သလို စစ်ရေးနည်းလမ်းက ရေရှည်တည်ငြိမ်မှုကို မပေးနိုင်ဘူးလို့ ယုံကြည်ပါတယ်။ ဆွေးနွေးပွဲ စားပွဲဝိုင်းကို ပြန်လာခြင်းကသာ ဒီအကျပ်အတည်းကို ထိန်းချုပ်နိုင်မဲ့ တခုတည်းသော နည်းလမ်း ပါပဲ”လို့ ဆိုပါတယ်။
လူမျိုးပေါင်း ၂၀၀ ကျော် သဟဇာတဖြစ်စွာ နေထိုင်နေတဲ့ ယူအေအီးက လုံခြုံရေးနဲ့တည်ငြိမ်မှုရှိတဲ့ နိုင်ငံဖြစ်ပေမဲ့ အချုပ်အခြာအာဏာကို ကာကွယ်ရာမှာတော့ လျှော့ပေါ့မှာမဟုတ်ဘူး လို့လည်း ပြောဆိုပါတယ်။
ဒါ့အပြင် ဒေသတွင်း ပဋိပက္ခတွေကြောင့် အထောက်အပံ့တွေပြတ်တောက်မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာပြီးနောက်မှာ ယူအေအီးမှာ အခြေခံကုန်စည်တွေဟာ ၄ လမှ ၆ လအထိ လုံလုံ လောက်လောက် သိုလှောင်ထားတဲ့ မူဝါဒရှိပြီး အရေးပေါ်အခြေအနေတွေမှာပါ အခြေခံကုန် ပစ္စည်းရရှိမှုနဲ့ စျေးနှုန်းတည်ငြိမ်မှုကို အာမခံတယ်လို့ စီးပွားရေးနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီး အဗ္ဗဒူလာ ဘင် တို့ခ် အယ်လ်မားရီးက ပြောပါတယ်။
ယူအေအီးဟာ တခြားရွေးချယ်စရာဈေးကွက်တွေကိုလည်း မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ပြီး အကျပ်အတည်း အမျိုးမျိုးကို တုံ့ပြန်နိုင်တယ်လို့လည်း ဆိုပါတယ်။
Source:Reuters


