
ရုရှား၊ အမေရိကန်နဲ့ ယူကရိန်းတို့ဟာ စစ်ပွဲစတင်ပြီးနောက် ယူအေအီးနိုင်ငံမှာ ပထမဆုံးအကြိမ် ၃ ပွင့်ဆိုင် တွေ့ဆုံမှုကို ပြုလုပ်ခဲ့ပါတယ်။
ဒီတွေ့ဆုံမှုကို ဇန်နဝါရီ ၂၃ ရက်က အဘူဒါဘီမြို့ရှိ အမ်းမရိတ်နန်တော် ဟိုတယ်မှာ ကျင်းပခဲ့တာလို့ ယူအေအီးနိုင်ငံခြားရေးဝန်ကြီးက အတည်ပြုပါတယ်။
ဒီဆွေးနွေးပွဲဟာ ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့ပြီးနောက် ရုရှား၊ အမေရိကန်၊ ယူကရိန်း ၃ နိုင်ငံ ပထမဆုံးအကြိမ် တနေရာတည်းမှာ တရားဝင်တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
တွေ့ဆုံပွဲကို ၃ နိုင်ငံစလုံးက စီနီယာအဆင့် ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အမေရိကန်ဘက်ကတော့ အထူးသံတမန် စတိဗ်ဝတ်ကော့နဲ့ ထရမ့်သမက် ဂျာရက် ကတ်ရှ်နာတို့ ပါဝင်ခဲ့ပြီး ရုရှားဘက်က စစ်ထောက်လှမ်းရေး အကြီးအကဲ တက်ရောက်ခဲ့ပါတယ်။
ယူကရိန်းဘက်ကတော့ သမ္မတရုံး အကြီးအကဲနဲ့ ယူကရိန်း အမျိုးသားလုံခြုံရေးနဲ့ ကာကွယ်ရေး ကောင်စီ အကြီးအကဲတို့ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲဟာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ သံတမန်တွေ ညလုံးပေါက် ဆွေးနွေးခဲ့တဲ့ အစည်းအဝေးအပြီး ပေါ်ပေါက်လာတဲ့ တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးကတော့ ယူအေအီးကနေ ဖြစ်ပေါ်နေတဲ့ ဆွေးနွေးပွဲ အခြေအနေတွေကို တနာရီခြား တခါ သတင်းပို့နေကြောင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းရဲ့ ရပ်တည်ချက်က ရှင်းလင်းပြတ်သားပြီး ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးရမဲ့ အကြောင်းအရာတွေကိုလည်း သူကိုယ်တိုင် သတ်မှတ်ပေးထားကြောင်း သောကြာနေ့မှာ ပြောခဲ့ပါတယ်။
ဒီတွေ့ဆုံမှုကနေ ဘယ်လို တိုးတက်မှုတွေ ထွက်ပေါ်လာမလဲဆိုတာကို စနေနေ့မှာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပြီး နောက်ဆုံးရလဒ် ဘယ်လို ဖြစ်လာမလဲဆိုတာကိုလည်း စောင့်ဆိုင်းရဦးမယ် လို့ ဇလန်းစကီးက ပြောပါတယ်။
Source:Reuters


