
ကာတာ၊ ဒူဘိုင်းနဲ့ ဘာရိန်း လေပိုင်နက်တို့ကို ဇွန် ၂၃ ရက် နှောင်းပိုင်းမှာ ပိတ်လိုက်တာကြောင့် ဒိုဟာနဲ့ အမ်းမရိတ်စ်ကို ဝင်ရောက်လာတဲ့ ဂျက်လေယာဉ်အများအပြားအတွက် ဘေးကင်းစိတ်ချရတဲ့ နေရာတွေကို အမြန်ရှာဖွေ သွားရောက်ကြရပြီး လေယာဉ်အတော်များများကတော့ နောက်ကြောင်းပြန်လှည့် မောင်းနှင်သွားကြကာ တချို့ကလည်း တခြားလေဆိပ်တွေဆီ သွားရောက်ဆိုက်ကပ်ခဲ့ကြပါတယ်။
စီးပွားရေးလေကြောင်းလိုင်းအားလုံးဟာ သူတို့ရဲ့ ပုံမှန်လေကြောင်းခရီးစဉ် အစီအစဉ်ထဲမှာ အရေးပေါ် အခြေအနေတွေအတွက် အနည်းဆုံး တခြားလေဆိပ် ၂ ခုမှာ ဆင်းသက်နိုင်ရေး အစီအစဉ်တွေ ပါဝင်အောင် ပြုလုပ်ထားကြတာပါ။
အစောပိုင်းတုန်းက အီရန်ဟာ ကာတာရှိ အမေရိကန် အခြေစိုက်စခန်းတွေဆီကို ဒုံးကျည် ၆ စင်း ပစ်လွှတ်ခဲ့ပြီး အီရန်ရဲ့ နျူကလီးယား တပ်ဆင်မှုအပေါ် အမေရိကန်ရဲ့ တိုက်ခိုက်မှုအတွက် သိသိသာသာ လက်တုံ့ပြန်ခဲ့တာလို့ အမေရိကန်သတင်းဝက်ဘ်ဆိုက် Axios မှာ ဖော်ပြခဲ့ပါတယ်။
ကာတာမြို့တော် ဒိုဟာမှာ တနင်္လာနေ့ နေ့လယ်ပိုင်းကတည်းက ပေါက်ကွဲသံတွေကို ကြားသိခဲ့ရကြောင်း အနောက်နိုင်ငံ သံတမန်တယောက်က ပြောကြားခဲ့ပြီးနောက် မကြာမီမှာပဲ ပင်လယ်ကွေ့ အာရပ်နိုင်ငံရှိ အမေရိကန်အခြေစိုက် အယ်လ်-အူဒေ့ဒ် လေတပ်စခန်းကို အီရန်က သိသိသာသာ ခြိမ်းခြောက်မှုရှိလာကြောင်း ပြောကြားခဲ့ပါတယ်။
အစောပိုင်းတုန်းက ကာတာရှိ အမေရိကန်သံရုံးက အမေရိကန်နိုင်ငံသားတွေကို သတိကြီးကြီးထားပြီး ကိုယ့်နေရာမှာကိုယ် ခိုလှုံနေကြဖို့ အကြံပေးထားပါတယ်။
အာရပ်စော်ဘွားများပြည်ထောင်စုရဲ့ လေပိုင်နက်ဟာ လက်ရှိမှာ ပျံသန်းမှုလမ်းကြောင်းတွေနဲ့ လေကြောင်းထိန်းချုပ်မှုအသံအပေါ် အခြေခံပြီး ပိတ်ထားကြောင်း FlightRadar ဝက်ဆိုက်က တနင်္လာနေ့မှာ ပို့စ်တခု X လူမှုကွန်ရက်မှာ တင်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အစိုးရ ပြိုလဲတော့မယ့် အလားအလာကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့ပြီးတော့ အမေရိကန် ဗုံးကြဲလေယာဉ်တွေဟာ အီရန်နိုင်ငံရဲ့ မြေအောက်နျူကလီးယားစက်ရုံပေါ်ကို ပေါင် ၃၀,၀၀၀ အလေးချိန်ရှိတဲ့ ဘန်ကာခွဲဗုံးတွေကို ကြဲချခဲ့ပြီးနောက်မှာ အီရန်က အမေရိကန်ကို လက်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
Source: Reuters