Home
နိုင်ငံတကာ
ကာတာလက်ဆောင် 747 ကို သမ္မတလေယာဉ်အဖြစ် သုံးမည်ဟု ထရမ့်ပ် အတည်ပြု
DVB
·
May 12, 2025
Photo: U.S. NETWORK POOL / REUTERS / SOCIAL MEDIA WEBSITE

ကာတာတော်ဝင်မိသားစုရဲ့ လက်ဆောင် “မိုးပျံနန်းတော်” လို့ တင်စားကြပြီး ဇိမ်ခံလေယာဉ်အဖြစ် မွမ်းမံထားတဲ့ Boeing 747-8 ကို သမ္မတစီးတော်ယာဉ်အဖြစ် သုံးစွဲမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က အတည်ပြုလိုက်ပါတယ်။

ဒါပေမဲ့ ထရမ့်ပ် အနားယူတဲ့အခါကျရင် အဲဒီလေယာဉ်ကို ထရမ့်ပ်ရဲ့ သမ္မတ စာကြည့်တိုက် ဖောင်ဒေးရှင်းအတွက် လှူဒါန်းမှာဖြစ်ပြီး ထရမ့်ပ် ဆက်သုံးလို့ရမယ်လို့ တချို့သတင်းဌာနတွေက ဖော်ပြကြပါတယ်။

“အချက်အလက်နဲ့ ပြောရရင် ကာကွယ်ရေးဝန်ကြီးဌာနဟာ အနှစ် ၄၀ သက်တမ်းရှိနေပြီတဲ့ Air Force One နေရာ ယာယီအားဖြင့် အစားထိုးဖို့ လက်ဆောင်၊ အခမဲ့၊ 747 လေယာဉ်တစင်းကို အများသိ၊ ပွင့်လင်းမြင့်သာမှုရှိတဲ့ လုပ်ငန်းစဉ်နဲ့ ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ကောက်ကွေ့တဲ့ ဒီမိုကရက်တွေက ဒီလေယာဉ်အတွက် ကျုပ်တို့ ထိပ်တန်းဒေါ်လာတွေ ပေးနေရတယ်လို့ ပြောနေတာပါ” လို့ ထရမ့်ပ်က သူပိုင်တဲ့ လူမှုကွန်ရက် Truth Social မှာ ရေးသားခဲ့ပါတယ်။

Boeing 747-8 လေယာဉ်တစင်းကို ဒေါ်လာ သန်း ၄၀၀ လောက် တန်သလို အထူးမွမ်းမံပြင်ဆင်ထားတဲ့ တန်ဖိုးတွေပါ ထည့်တွက်ရင် ပိုပြီးတန်ဖိုးကြီးမှာဖြစ်တဲ့အတွက် ကျင့်ဝတ်ပိုင်းနဲ့ ဥပဒေပိုင်းအရ မေးခွန်းထုတ်စရာတွေ ရှိလာခဲ့ပါတယ်။

ကာတာ တာဝန်ရှိသူတယောက်ရဲ့ အဆိုအရတော့ ဒီလေယာဉ်ဟာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနချင်း ပေးတဲ့ လက်ဆောင်ဖြစ်တဲ့အတွက် ပုဂ္ဂလိကမဟုတ်ဘဲ အစိုးရချင်းပေးတဲ့ လက်ဆောင်သာဖြစ်တယ်လို့ ဖြေရှင်းပါတယ်။

ဒီကိစ္စကို နှစ်ဖက် ဥပဒေဌာနတွေက သုံးသပ်ဆဲဖြစ်တယ်လို့လည်း ကာတာဘက်က ဆိုပါတယ်။

ထရမ့်ပ်ဟာ မေ ၁၂ ရက်က စပြီး သမ္မတ ဒုတိယသက်တမ်း ပထမဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် ပင်လယ်ကွေ့ အာရပ် ၃ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးနဲ့ သယံဇာတ အကြွယ်ဝဆုံးနိုင်ငံတွေဖြစ်တဲ့ ဆော်ဒီအာရေဗျ၊ ယူအေအီးနဲ့ ကာတာ ၃ နိုင်ငံ ခရီးစဉ်မှာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

ဒီမိုကရက်တွေကတော့ အခုကိစ္စကို ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။

“ဒါဟာ လာဘ်ပေးတဲ့အဆင့်တောင် မဟုတ်တော့ဘဲ ခြေဆန့်နေရာယူတဲ့ အဆင့်မြင့် နိုင်ငံခြား လွှမ်းမိုးမှု ဖြစ်ပါတယ်” လို့ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် ချက်ရှူးမားက  ပြောပါတယ်။

ထရမ့်ပ်ဟာ ဒီနှစ်အစောပိုင်းကတည်းက ဖလော်ရီဒါပြည်နယ်မှာ အဲဒီလေယာဉ်ကို လေ့လာကြည့်ခဲ့ပြီး ၂ နှစ်အတွင်း အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013