Home
နိုင်ငံတကာ
ထရမ့်ပ်နှင့် ပူတင် တွေ့မည့်ကိစ္စ မရေမရာရှိနေဆဲ
DVB
·
May 6, 2025
Photo :Reuters

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဆော်ဒီအာရေဗျနိုင်ငံမှာ တွေ့ကြဖို့ ဖြစ်နိုင်ခြေနဲ့ ပတ်သက်ပြီး မေ ၅ ရက်က ကရင်မလင်နန်းတော်ကို မေးမြန်းခဲ့ရာမှာ တွေ့ဖို့လိုအပ်ပေမဲ့ ပူတင်ဟာ မေလလယ်မှာလုပ်ဖို့ စီစဉ်ထားတဲ့ အရှေ့အလယ်ပိုင်းခရီးစဉ်ကို မသွားဖြစ်ဘူးလို့ ပြောလိုက်ပါတယ်။

အမေရိကန်သမ္မတရာထူးကို ပြန်ယူပြီး မကြာမီ ယူကရိန်းစစ်ပွဲကို အမြန်အဆုံးသတ်ဖို့ စေ့စပ်ညှိနှိုင်းမယ်လို့ ကတိပြုခဲ့တဲ့ ထရမ့်ပ်က သူနဲ့ သူ့အကြံပေးတွေဟာ မကြာသေးမီ ရက်တွေအတွင်း ရုရှားနဲ့ ယူကရိန်းတို့နဲ့ ပတ်သက်ပြီး ကောင်းကောင်းဆွေးနွေးခဲ့တယ်လို့ သီတင်းပတ်ကုန်ရက်က ပြောခဲ့ပါတယ်။

အခုလအတွင်း ထရမ့်ပ်က ဆော်ဒီအာရေဗျနိုင်ငံဆီ သွားရောက်လည်ပတ်ချိန်မှာ ပူတင်နဲ့တွေ့ဖို့ စဉ်းစားကောင်း စဉ်းစားမယ်ဆိုတဲ့ ထရမ့်ပ်ရဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ ပူတင်က ခရီးစဉ်ကို စီစဉ်မထားပေမဲ့ ဒီလိုတွေ့ဆုံမှုဟာ လူတိုင်းရဲ့နှုတ်ဖျားမှာ ထင်ရှားပါတယ်လို့  ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

“ပြီးတော့ နည်းမျိုးစုံနဲ့ ကျနော်တို့က သေချာပေါက် လိုအပ်တယ်လို့ ထင်ပါတယ်” လို့လည်း ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

ရုရှားနဲ့ အမေရိကန် အစိုးရတွေကြား အဆက်အသွယ်တွေ အပါအဝင် ကျွမ်းကျင်အဆင့် အသီးသီးမှာ ကြိုးပမ်းအားထုတ်ဖို့ လိုတယ်လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။ ဒါပေမဲ့ အခုထိတော့ ဒီအကြောင်း အတိအကျ မပြောသေးဘူးလို့လည်း ဆိုပါတယ်။

ထရမ့်ပ်ဟာ အခုလနှောင်းပိုင်းမှာ ပင်လယ်ကွေ့ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးပွဲတက်ဖို့ ဆော်ဒီအာရေဗျ၊ ကာတာနဲ့ ယူအေအီးနိုင်ငံတွေ သွားမယ်လို့ Axios သတင်းဌာနက ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် ဇွန်လက ဂျီနီဗာမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပပြီးကတည်းက ပူတင်ဟာ အာဏာလက်ရှိ အမေရိကန်သမ္မတတယောက်နဲ့ ထပ်မတွေ့သေးပါဘူး။

ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေး ကြားဝင်ဖျန်ဖြေဖို့ အမေရိကန်ခေါင်းဆောင်က ကြိုးစားနေလို့ ပူတင်နဲ့ ထရမ့်ပ်တို့ဟာ အခုနှစ်အတွင်း အကြိမ်ပေါင်းများစွာ ဖုန်းနဲ့ စကားပြောဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013