
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ် ကင်မ်အဲရစ်ဟာ သူ့ရဲ့ နော်ဝေနိုင်ငံ ခရီးစဉ်အတွင်း နော်ဝေဝန်ကြီးချုပ်ဟောင်း ရှဲလ်မန်းနဲဘွန်းဒဲဗစ်နဲ့ အော်စလိုမြို့မှာ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံအရေးနဲ့ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒီတွေ့ဆုံမှုမှာ ဝန်ကြီးချုပ်ဟောင်း ဘွန်းဒဲဗစ်က မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာက ပြန်လည်အာရုံစိုက်လာအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ရှဲလ်မန်းနဲဘွန်းဒဲဗစ် “ကျနော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအခြေအနေကို အာရုံစိုက်မှုရလာအောင် အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ နောက်လည်း ထပ်လုပ်သွားပါမယ်။ အခုလည်း သူ့ရဲ့သားဖြစ်သူ ကင်မ်ဆီကနေ ကျနော် လုပ်နိုင်တာတွေလုပ်ဖို့ ခွန်အားတွေ ရခဲ့ပါတယ်။ ပထမဆုံး တောင်းဆိုချက်ကတော့ သူ့ကို အကျဉ်းထောင်ကနေ လွှတ်ပေးဖို့ပါ။ ပြီးတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတခုအတွက် ပြင်ဆင်ပေးဖို့နဲ့ ဝင်ပြိုင်ချင်သူတိုင်း ဝင်ပြိုင်ခွင့်ရပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိဖို့ ဖြစ်ပါတယ်။ အခုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတမှု မရှိပါဘူး။ ကြိုတင်ပြီး မဲခိုးထားတာပါ။ ရလဒ်က ဘယ်လိုထွက်မလဲဆိုတာ ကျနော်တို့ အကြမ်းဖျင်း သိနေပါတယ်။ ဒါကြောင့် ဒါက စိတ်ဝင်စားစရာ မရှိပါဘူး”လို့ ပြောပါတယ်။
ကင်မ်အဲရစ် ဘက်ကလည်း မိခင်ဖြစ်သူ အသက်ရှင်လျက် ရှိ၊ မရှိ သိရအောင် တွေ့ဆုံခွင့်ရရေးအတွက် နည်းလမ်းရှာ ကူညီပေးဖို့ ဝန်ကြီးချုပ်ဟောင်းကို တောင်းဆိုခဲ့ပါတယ်။
ကင်မ်က “ဝန်ကြီးချုပ်ဟောင်းနဲ့ တွေ့ဆုံရာမှာ ကျနော့်မေမေ အသက်ရှင်လျက်ရှိသေးတယ် ဆိုတာ သိရအောင် မေမေနဲ့ တွေ့ဆုံခွင့်ရဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ပါတယ်။ မေမေ့ကို ဘယ်သူမှ မမြင်ရတာ ၂ နှစ်ကျော်ပါပြီ။ သူ အသက်ရှင်နေသေးသလားဆိုတာတောင် သိရဖို့ ခက်ပါတယ်။ သိထားရသလောက်ကတော့ သူ့ကျန်းမာရေး ဆိုးရွားလာနေတယ်၊ အသက်ကလည်း ၈၀ ရှိပြီ ဖြစ်သလို မြန်မာပြည်က ထောင်တွေရဲ့ အခြေအနေကလည်း ဆိုးရွားလွန်းလှပါတယ်။ အဲဒီမှာ (မြန်မာပြည်) ဘာတွေ ဖြစ်နေလဲဆိုတာကို ကျနော်တို့ ပိုပြီး အာရုံစိုက်ဖို့ လိုပါတယ်။ ကမ္ဘာတဝန်းမှာ ပဋိပက္ခတွေ အများကြီးရှိနေပေမဲ့ လူတွေသာ ပိုပြီးဂရုစိုက် ကူညီပေးခဲ့မယ်ဆိုရင် မြန်မာပြည်က ပြဿနာဟာ အခုဆို ဖြေရှင်းပြီးလောက်ပါပြီ။ အခုလည်း ဖြေရှင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ ၅ နှစ်ကြာ တိုက်ပွဲဝင်ပြီးနောက်မှာ မြန်မာပြည်သူတွေဟာ အင်အားကုန်ခန်းလာကြပါပြီ။ ကျန်တဲ့ ကမ္ဘာကြီးက မတ်တတ်ရပ်ပြီး ကျနော်တို့ကို အခုပဲ ကူညီထောက်ပံ့ဖို့ လိုပါတယ်”လို့ ပြောပါတယ်။
မတ် ၂ ရက်က စစ်ကောင်စီဟာ အကျဉ်းသား ၁၀,၀၀၀ ကျော်ကို ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့တဲ့ အဲဒီထဲမှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ ၇,၀၀၀ ကျော် ပါဝင်တယ်လို့ ကြေညာထားပါတယ်။
ဒါပေမဲ့ နိုင်ငံရေးအကျဉ်းသားကူညီရေးအဖွဲ့တွေရဲ့ လတ်တလော ကောက်ယူထားတဲ့စာရင်းတွေအရ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားက ရာဂဏန်းဝန်းကျင်သာ ရှိနေသေးပြီး အခုလို လွှတ်ပေးရာမှာလည်း သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးတဲ့အပေါ် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဘယ်မှာ ထားရှိထားတယ်ဆိုတာ အတိအကျ မသိရသလို၊ လူမြင်ကွင်းကနေ ပျောက်ကွယ်ပြီး အဆက်အသွယ် ဖြတ်တောက်ခံ ထားရတာ ၂ နှစ်ကျော် ကြာမြင့်နေပြီဖြစ်လို့ သူ့ရဲ့ ရှင်သန်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှု မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
အောင်ကျော်


