Home
မြန်မာသတင်း
မိခင်နှင့်ပတ်သက်ပြီး စစ်ကောင်စီက လုံးဝ မတုံ့ပြန်ဟု ဒေါ်အောင်ဆန်းစုကြည်သားငယ်ပြော
DVB
·
March 1, 2026
khl3_01032026
khl7_01032026
khl2_01032026
khl9_01032026
khl8_01032026
khl4_01032026
khl6_01032026
khl5_01032026
khl1_01032026

နော်ဝေနိုင်ငံကို ရောက်ရှိနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ် နဲ့ နော်ဝေရောက် မြန်မာနိုင်ငံသားတွေ တွေ့ဆုံပွဲကို အော်စလိုမြို့မှာရှိတဲ့ Kirkens hus မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
တွေ့ဆုံပွဲကို DVB သတင်းဌာနနဲ့ Myanmar (CRPH) Support Group, Norway တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး နော်ဝေရောက် မြန်မာနိုင်ငံသားတွေ လာရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ DVB အယ်ဒီတာချုပ် ဦးအေးချမ်းနိုင်က အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ့နွေဦးတော်လှန်ရေးနဲ့ ပြည်သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းတွေကို ရုပ်ရှင်အနုပညာအဖြစ် ရိုက်ကူးပုံဖော်ထားတဲ့ DVB Peacock Film Festival 2025 ရဲ့ မှတ်တမ်းရုပ်ရှင် ၂ ကားကိုလည်း ပြသခဲ့ပါတယ်။
ရုပ်ရှင်ပြသပွဲအပြီးမှာတော့ တွေ့ဆုံပွဲကို တက်​ရောက်လာတဲ့သူတွေက ကိုထိန်လင်းကို သိလိုတဲ့ မေးခွန်းတွေ မေးမြန်းခဲ့ကြပါတယ်။
မိခင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြောင်း၊ ပြန်လည်လွတ်မြောက်ရေးအတွက် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားနေတယ်လို့ ကိုထိန်လင်းက ပြောပါတယ်။
မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် အာဏာသိမ်းစစ်တပ်ဆီကို လက်ရှိ ဆက်သွယ်ကြိုးပမ်းနေမှုနဲ့ ပတ်သက်ပြီး ဘယ်လိုတုံ့ပြန်ချက်ရရှိလဲလို့ မေးမြန်းခဲ့ရာမှာတော့ ကိုထိန်လင်းက အခုလိုပြောပါတယ်။
“အဖြေကတော့ လုံးဝ ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး (Absolutely nothing) ဆိုတာပါပဲ။ ကျနော့်အနေနဲ့ တနေ့နေ့တော့ တိုးတက်မှုတခုခု မြင်ရမယ်လို့ မျှော်လင့်ပါတယ်။ 'မရဘူး' လို့ ငြင်းဆိုလိုက်ရင်တောင်မှ အနည်းဆုံးတော့ သူတို့ ကျနော်နဲ့ စကားပြန်ပြောတယ်ဆိုတဲ့ သဘောသက်ရောက်မှာပါ။ လောလောဆယ်တော့ သူတို့ဆီကရတဲ့ တခုတည်းသော ဆက်သွယ်မှုက မီဒီယာတွေကနေတဆင့် ပြောနေတဲ့ သူတို့ပြောရေးဆိုခွင့်ရှိသူရဲ့ စကားတွေပဲ ဖြစ်ပါတယ်။”
စစ်တပ်အာဏာသိမ်းပြီးနောက် ကျဆုံးသွားတဲ့ တော်လှန်ရေးသူရဲကောင်းတွေနဲ့ ပြည်သူတွေအတွက်အပြင် လက်ရှိ မြန်မာပြည်တွင်းက ခက်ခဲကြပ်တည်းနေတဲ့ ပြည်သူတွေအတွက်လည်း အားလုံးဝိုင်းဝန်းကူညီပေးကြဖို့ကို Myanmar (CRPH) Support Group, Norway ရဲ့ အထွေထွေအတွင်းရေးမှူး မဝတ်မှုံဝင်းက ပြောပါတယ်။
ဒီနောက် ကိုထိန်လင်းကို Myanmar (CRPH) Support Group, Norway နဲ့ NUG ကိုယ်စားလှယ် ဦးမောင်မောင်မြင့်တို့က အမှတ်တရလက်ဆောင်တွေ ပေးအပ်ခဲ့ကြပါတယ်။
DVB သတင်းဌာနရဲ့ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းရဲ့ နော်ဝေခရီးစဉ်မှာ နော်ဝေနိုင်ငံရဲ့ ဌာနဆိုင်ရာအကြီးကဲတချို့နဲ့တွေ့ဆုံခဲ့သလို နော်ဝေ​ရောက်မြန်မာနိုင်ငံသားတွေနဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013