
လူသတ်သမားတွေ ကျင်းပတဲ့ ရွေးကောက်ပွဲက ဒီမိုကရေစီ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်း (ခ) ကင်မ် အဲရစ်က ပြောလိုက်ပါတယ်။
“မေမေ ဒေါ်အောင်ဆးန်စုကြည်နဲ့ ရွေးကောက်ခံ ခေါင်းဆောင်အားလုံး လွတ်မြောက်ခြင်း မရှိပါက ဤမဲပေးမှုသည် လိမ်လည်မှုတခုသာဖြစ်ပြီး ငြိမ်းချမ်းရေးဆီသို့ ဦးမတည်ပါ။ ရက်စက်ကြမ်းကြုတ်သော အစိုးရတရပ်ကို တရားဝင်ဖြစ်အောင် မလုပ်ပါနဲ့။ ကျနော်တို့အားလုံး မြန်မာပြည်သူတို့ရဲ့ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့ဂုဏ်သိက္ခာအတွက် တစုတစည်းတည်း အတူတကွ ရပ်တည်ပါတယ်။”
စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက် ဒီကနေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့နယ်မှာ ကျင်းပနေတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ဒုတိယပိုင်းကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီ ၁၁ ရက်မှာ မြို့နယ် ၁၀၀ နဲ့ တတိယပိုင်းကို ဒုတိယပိုင်းအပြီး ၂ ပတ်အကြာ ဇန်နဝါရီ ၂၅ ရက်မှာ ၆၃ မြို့နယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ၆၅ မြို့နယ် ရှိတယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင်ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းမှာတင် ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ “မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)” က မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က ကျင်းပမဲ့ ရွေးကောက်ပွဲအကြိုကာလအတွင်း ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နိုင်တဲ့အကြောင်း သတိပေးထားပါတယ်။
မြန်မာစစ်အာဏာပိုင်တွေက ရွေးကောက်ပွဲကို ဝေဖန်ရုံသက်သက်လောက်ကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေတရပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ပြဋ္ဌာန်းခဲ့သလို အဆိုပါဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ အထိ ချမှတ်နိုင်ပြီး သေဒဏ်လည်း ချမှတ်နိုင်ပါတယ်။
ဒီဥပဒေရဲ့ အမည်အပြည့်အစုံကတော့ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြစ်ပြီး မြန်မာပြည်သူတွေ ကြားမှာတော့ ရွေးကာဥပဒေလို့ လူသိများပါတယ်။
ဒီကနေ့မှာ စတင်မဲ့ ပထမပိုင်း မဲပေးပွဲမတိုင်မီ သီတင်းပတ်တွေမှာ ဒီဥပဒေကို လက်နက်သဖွယ် အသုံးချပြီး လူမှုကွန်ရက်ပေါ်က ဝေဖန်မှုတွေ၊ သဘောထား မှတ်ချက်တွေနဲ့ Message တွေကိုပါ ပစ်မှတ်ထားပြီး ဖိနှိပ်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေကာ စစ်ကောင်စီထိန်းချုပ်မီဒီယာတွေရဲ့ အဆိုအရ ဥပဒေပြဋ္ဌာန်းပြီးချိန်ကစပြီး “ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို နှောင့်ယှက်ဖို့ ကြိုးပမ်းမှု” နဲ့ လူပေါင်း အနည်းဆုံး ၂၂၉ ယောက် တရားစွဲခံထားရတယ်လို့ သိရပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံတော်သမ္မတ အပါအဝင် အတိုက်အခံတွေ၊ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီး သတ်ဖြတ်မှုတွေကို ပြီးခဲ့တဲ့ အာဏာသိမ်း အချိန် ၅ နှစ်နီးပါး ကာလတွေအတွင်းမှာ ဆက်တိုက်ကျူးလွန်မှုတွေ လုပ်ဆောင်ခဲ့တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ချက်ချင်းပဲ ဖမ်းဆီးထိန်းသိမ်းကာ ပြစ်မှုအမျိုးမျိုးတပ်ပြီး လူထုလှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲလိမ်လည်မှု စတဲ့အမှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ချမှတ်ထားတာ ဖြစ်ပါတယ်။
အသက် ၈၀ ကျော်အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းသားတယောက်ရဲ့ အခွင့်အရေးဖြစ်တဲ့ မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့် မရသလို သူ့ရဲ့ ရှေ့နေတွေနဲ့လည်း တွေ့ခွင့်မရဘဲ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရပြီး ဘယ်နေရာမှာ အကျဉ်းချခံထားရတယ် ဆိုတာတောင် သားဖြစ်သူအနေနဲ့ သိရှိခွင့်မရ ဖြစ်နေပါတယ်။


