
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ ပြည်သူတွေကို စစ်တပ်ကကျင်းပမဲ့ ရွေးကောက်ပွဲ ပြုလုပ်ရာ မဲရုံတွေနဲ့ မဲရုံအနီးတဝိုက် နေရာတွေမှာ သွားလာတာ မပြုကြဖို့ အမှတ် ၃၊ စစ်ဦးစီးကွပ်ကဲရေးရုံး၊ ဗမာ့တပ်တော်က ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန် သတိပေးထားပါတယ်။
စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့၊ မဲရုံတွေနဲ့ အနီးတဝိုက်ကို လူစုလူဝေးနဲ့ သွားလာတာ မလုပ်ကြဖို့ မေတ္တာရပ်ခံထားတာပါ။ မေတ္တာရပ်ခံချက်ကို မလိုက်နာဘဲ ကိစ္စတစုံတရာ ဖြစ်ပေါ်ပါက တော်လှန်ရေးတပ်ပေါင်းစုတွေ အနေနဲ့ တာဝန်ယူမှာမဟုတ်ကြောင်း အသိပေးထားပါတယ်။
ဆင်ဖြူကျွန်းမြို့ပေါ်မှာလည်း ပြီးခဲ့တဲ့ရက်တွေအတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲတွေနဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်တာတွေကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
မင်းဘူးနဲ့ ပွင့်ဖြူမြို့နယ်က နေရာတချို့မှာလည်း တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ရှိနေပါတယ်။
မကွေးတိုင်း ဒေသခံတယောက်က “မကွေးမြို့ပေါ်မှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖိအားပေးတဲ့အပိုင်း ကျနော်တို့ တွေ့ရတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျနော်တို့ တွေ့လိုက်တယ်။ ရွေးကောက်ပွဲမှာ မဲပေးဖို့ ဖိအားပေးတဲ့ အုပ်ကြီး တယောက်ကို အဖွဲ့တခုကနေ စစ်ရေးအရ အရေးယူ ဆောင်ရွက်လိုက်တဲ့သတင်း တွေ့ရတယ်။ ဖိအားပေးခံရတာတွေ ရှိတယ်။ ပေါ်တာဆွဲခံရတာတွေ ဆက်တိုက်နီးပါး ရှိပါတယ်”လို့ DVB ကို ပြောပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲ အပိုင်း ၁ အနေနဲ့ မကွေးတိုင်းထဲက မကွေး၊ ပခုက္ကူ၊ ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ ပွင့်ဖြူ၊ မင်းဘူး၊ သရက်နဲ့ အောင်လံ စတဲ့ ၉ မြို့နယ်မှာ ပြုလုပ်သွားမှာပါ။
ရွေးကောက်ပွဲကာလအတွင်း မကွေးတိုင်းက မြို့နယ် ၆ ခုကို တပြိုင်တည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန် ပြောဆိုထားပါတယ်။
ဇွဲသစ်


