
နော်ဝေနိုင်ငံက နာမည်ကျော်ပုဂ္ဂိုလ်တွေနဲ့ ကွယ်လွန်သူ အမေရိကန် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်သား ဂျက်ဖရီ အပ်စတိုင်းန်တို့အကြား ဆက်နွှယ်မှုကို စုံစမ်းစစ်ဆေးနေမှုရဲ့ တစိတ်တပိုင်းအဖြစ် နော်ဝေရဲတပ်ဖွဲ့ဟာ ဖေဖော်ဝါရီ ၁၂ ရက်မှာ နော်ဝေဝန်ကြီးချုပ်ဟောင်း ထော့ဘ်ယန်း ယာ့ဂ်လန်းရဲ့ နေအိမ်တွေကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ရှာဖွေမှုအတွင်း အော်စလိုမြို့ရှိ ယာ့ဂ်လန်းရဲ့ နေအိမ်ထဲကို စုံစမ်းစစ်ဆေးရေးမှူးတွေက ကတ်ထူ သေတ္တာပုံးတွေ သယ်ဆောင်သွားတဲ့ ပုံရိပ်တွေကို နော်ဝေနိုင်ငံရဲ့ ထိပ်တန်းသတင်းစာတွေမှာ ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ပေါလ်ခိုလန်းဆက်သ်က "အခုလို သံသယ ဖြစ်ရတာဟာ အက်ပ်စတိန်း ဖိုင်တွဲတွေမှာ အတော်ကိုကျယ်ပြန့်တဲ့ အထောက်အထားတွေ ပါနေတာကြောင့်ဖြစ်ပြီး၊ စုံစမ်းစစ်ဆေးဖို့အတွက်လည်း ခိုင်လုံတဲ့ အကြောင်းရင်းတွေ ရှိနေပါတယ်” လို့ ပြောပါတယ်။
လက်ရှိ နော်ဝေဝန်ကြီးချုပ် ယိုးနာ့စ်ဂါးစတိုရေ့ ကလည်း ဒါဟာ အလွန်ပြင်းထန်တဲ့ သံသယဖြစ်ပြီး၊ ဖော်ထုတ် တွေ့ရှိထားတဲ့ အခြေအနေတွေကိုလည်း လေးလေးနက်နက် ကိုင်တွယ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။
တရားစွဲဆိုရေး အာဏာပိုင်တွေက တာဝန်ယူဆောင်ရွက်နေတဲ့ အမှုကိစ္စမှာ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အခုစစ်ဆေးရှာဖွေမှုဟာ ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ယာ့ဂ်လန်း ဦးဆောင်ပြီး အကြီးအကဲအဖြစ် ၁၀ နှစ် ကြာ တာဝန်ယူခဲ့တဲ့ ဥရောပကောင်စီကနေ သူ့ရဲ့သံတမန်အခွင့်အရေး ကာကွယ်မှုကို ဖယ်ရှားလိုက်ပြီး တရက်အကြာမှာပဲ ဖြစ်ပွားခဲ့တာပါ။
ယာ့ဂ်လန်းကို ဒီသီတင်းပတ်အတွင်းမှာပဲ ပြစ်ဒဏ်ပိုမိုကြီးလေးတဲ့ အဂတိလိုက်စားမှု သံသယနဲ့ စစ်ဆေး မေးမြန်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ယာ့ဂ်လန်းကလည်း ဒီအခြေအနေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကူညီပေးဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။
Source:Reuters


