
ပြင်သစ်ရဲတပ်ဖွဲ့ဟာ မြို့တော်ပါရီရှိ နည်းပညာကုမ္ပဏီသူဌေး အီလွန်မတ်စ်ခ်ရဲ့ X လူမှုမီဒီယာ ကွန်ရက် ရုံးခန်းတွေကို ဖေဖော်ဝါရီ ၃ ရက်မှာ ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ပြီး အစိုးရရှေ့နေတွေဟာ ဘီလျံနာသူဌေး မတ်စ်ခ်ကို ဧပြီလမှာ ဒီပလက်ဖောင်းအကြောင်း ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ မေးခွန်းတွေကို လာဖြေဆိုဖို့ အမိန့်ထုတ်ခဲ့ကြောင်း ပါရီရှေ့နေရုံးက ပြောကြားခဲ့ပါတယ်။
ဒီစစ်ဆေးမှုဟာ X သို့မဟုတ် သူ့အမှုဆောင်အရာရှိတွေအနေနဲ့ အယ်လ်ဂိုရီသမ်တွေကို အလွဲသုံးစားမှုနဲ့ ဒေတာတွေကို မလျော်မကန် ထုတ်ယူအသုံးပြုခဲ့ခြင်း စတဲ့ စွပ်စွဲချက်တွေအပေါ် အခြေခံပြီး တနှစ်ကြာ စုံစမ်းနေတဲ့အမှုနဲ့ ဆက်နွှယ်နေပါတယ်။
ဒါ့အပြင် X ရဲ့ ဉာဏ်ရည်တု (AI) စကားပြောစက်ရုပ် ဂရော့ခ်ရဲ့ လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး တိုင်ကြားချက်တွေကို လက်ခံရရှိလာပြီးနောက်မှာ အမှုကို ထပ်မံချဲ့ထွင် စုံစမ်းသွားမှာဖြစ်ကြောင်း ပါရီအမှုစစ်ရုံးက ထုတ်ပြန်ခဲ့ပါတယ်။
စုံစမ်းမှုအတွင်း ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ဓာတ်ပုံတွေကို သိမ်းဆည်းထားခြင်းနဲ့ ဖြန့်ဝေခြင်းမှာ ပါဝင်ပတ်သက်နိုင်မှုအပြင် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာ ပါဝင်တဲ့ deepfake ပုံရိပ်တွေကြောင့် လူတယောက်ရဲ့ ပုံရိပ်အခွင့်အရေး ချိုးဖောက်မှုတွေစတဲ့ အမှုတွေကိုပါ စစ်ဆေးသွားမှာဖြစ်ကြောင်း သိရပါတယ်။
ဧပြီ ၂၀ ရက်မှာ ပြုလုပ်မဲ့ ကြားနာပွဲကို အီလွန်မတ်စ်ခ် နဲ့ X ရဲ့ စီအီးအိုဟောင်း လင်ဒါယက်ကာရီနို တို့ကို တက်ရောက်ဖို့ ဆင့်ခေါ်ထားပြီး တခြား X ဝန်ထမ်းတွေကိုလည်း သက်သေတွေအဖြစ် ဆင့်ခေါ်ထားကြောင်း အမှုစစ်ရုံးက ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး X ဘက်ကတော့ ချက်ချင်း တုံ့ပြန်ပြောကြားမှု မရှိသေးပါဘူး။ အီလွန်မတ်စ်ခ် ဟာ အရင် ဇူလိုင်လအတွင်း စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး၊ ပြင်သစ်အမှုစစ်တွေအနေနဲ့ နိုင်ငံရေးလှုံ့ဆော်မှု ရည်ရွယ်ချက်တွေ ပါဝင်နေတဲ့ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးတရပ်ကို စတင်ခဲ့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ပါတယ်။
ရှေ့နေရုံးဟာ X လူမှုမီဒီယာပလက်ဖောင်းကို အသုံးပြုတော့မှာမဟုတ်ပဲ အခုချိန်ကစပြီး သတင်းထုတ်ပြန်ချက်တွေကို မိုက်ခရိုဆော့ဖှ် ပိုင် လင့်ခ်တင်နဲ့ မက်ထာပိုင် အင်စတာဂရမ် တို့မှာသာ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
Source: Reuters


