
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ရဲ့ SpaceX ကုမ္ပဏီဟာ ဉာဏ်ရည်တု AI နည်းပညာအတွက် ကမ္ဘာပတ်လမ်းထဲမှာ ဂြိုဟ်တုအလုံးရေတသန်း လွှတ်တင်ခွင့် လျှောက်ထားလိုက်ပါတယ်။
AI တွက်ချက်မှုစွမ်းရည် လိုအပ်ချက် မြင့်တက်လာတာကြောင့် ကမ္ဘာပတ်လမ်းထဲက ဒေတာစင်တာတွေဟာ ကုန်ကျစရိတ်နဲ့ စွမ်းအင်အတွက် အထိရောက်ဆုံးဖြစ်မယ်လို့ လျှောက်လွှာမှာ ဖော်ပြထားပါတယ်။
လက်ရှိ မြေပြင်ပေါ်က စွမ်းဆောင်ရည်တွေဟာ AI လိုအပ်ချက်ကို မမီတော့ဘူးလို့လည်း SpaceX ကုမ္ပဏီက ဆိုပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး ဂြိုဟ်တုသစ်တွေ လွှတ်တင်မဲ့အကြောင်း အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) ထံ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်က တင်ပြခဲ့တာဖြစ်ပါတယ်။ ဘယ်တော့စမလဲဆိုတဲ့ အချိန်ကာလ အတိအကျကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။
လက်ရှိ ဂြိုဟ်တု ၁၀,၀၀၀ နီးပါးရှိတဲ့ Starlink ကွန်ရက်ကြောင့် အာကာသ ကမ္ဘာပတ်လမ်းထဲမှာ ပြည့်ကျပ်နေပြီလို့ ဝေဖန်မှုတွေ ရှိနေပေမဲ့ အီလွန်မတ်စ်ခ်ကတော့ ငြင်းဆိုထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အီလွန်မတ်စ်ခ်က “ဂြိုဟ်တုတွေဟာ တခုနဲ့တခု တကယ်ကို ဝေးကွာနေမှာဖြစ်ပြီး အာကာသကြီးကလည်း နားလည်နိုင်စွမ်း မရှိလောက်အောင် ကျယ်ပြောလှပါတယ်” လို့ သူ့ရဲ့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
သမားရိုးကျ ဒေတာစင်တာတွေက ရေနဲ့မီး အမြောက်အမြား လိုအပ်ပေမဲ့ အာကာသ ဒေတာစင်တာတွေကတော့ သဘာဝပတ်ဝန်းကျင်ကို ပိုမိုထိန်းသိမ်းရာ ရောက်မယ်လို့ SpaceX ကုမ္ပဏီက ဆိုပါတယ်။
ဒါပေမဲ့ နက္ခတ္တဗေဒပညာရှင်တွေကတော့ ဂြိုဟ်တုတွေကြောင့် အာကာသအမှိုက်တွေ များလာမှာနဲ့ သုတေသနလုပ်ငန်းတွေကို ထိခိုက်မှာ စိုးရိမ်နေကြပါတယ်။
Source: Reuters


