Home
နိုင်ငံတကာ
ကနေဒါကျောင်းတွင်းပစ်ခတ်သူ ၁၈ နှစ်အရွယ် အမျိုးသမီးဖြစ်ဟု ရဲတပ်ဖွဲ့ ထုတ်ပြန်
DVB
·
February 12, 2026
Photo: Reuters

ကျောင်းအတွင်း ပစ်ခတ်သူဟာ လိင်ပြောင်းလဲထားတဲ့ အသက် ၁၈ နှစ်အရွယ် စိတ်ဝေဒနာရှင် ဖြစ်တယ်လို့ ကနေဒါရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

သေနတ်သမားဟာ ယောကျ်ားလေးအဖြစ် မွေးဖွားလာသူဖြစ်ကာ ပြီးခဲ့တဲ့ ၆ နှစ်လောက်က အမျိုးသမီးအဖြစ် ပြောင်းလဲနေထိုင်ခဲ့သူ ဖြစ်ပါတယ်။

သေနတ်သမားက ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ ကနေဒါနိုင်ငံရဲ့ သမိုင်းတလျှောက် အဆိုးရွားဆုံး သတ်ဖြတ်မှုဟာ ဘာ့ကြောင့်လဲဆိုတာတော့ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။

တမ်ဘလာရစ်ခရိုင်ရှိ ကျောင်းမှာ ပစ်ခတ်ခဲ့သူဟာ ဗန်ရုဆီလာ ဆိုတဲ့ ၁၈ နှစ်အရွယ် အမျိုးသမီး ဖြစ်တယ်လို့ ထုတ်ပြန်ထားတာပါ။

သေနတ်သမားဟာ အသက် ၃၉ နှစ်အရွယ် မိခင်ဖြစ်သူနဲ့ အသက် ၁၁ နှစ်အရွယ် မောင်ဖြစ်သူကို သတ်ခဲ့ပြီး ကျောင်းမှာ လူသတ်မှုတွေ ထပ်ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

ဆရာမတယောက်၊ ကျောင်းသူ ၃ ယောက်နဲ့ ကျောင်းသား ၂ ယောက်တို့ကို ပစ်သတ်ခဲ့ပြီး ဒါဟာ ကနေဒါနိုင်ငံရဲ့ သမိုင်းတလျှောက် သေဆုံးမှုအများဆုံး ကျောင်းတွင်း သေနတ်ပစ်ခတ်မှု ဖြစ်လာပါတယ်။

သေနတ်သမားဟာ စိတ်ဝေဒနာရှင်တယောက်ဖြစ်ပြီး ရဲတပ်ဖွဲ့တွေက သူ့အိမ်ကို သွားရောက်ခဲ့ဖူးတဲ့ မှတ်တမ်းတွေ ရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

သေနတ်သမားက ပြီးခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကျောင်းကနေ ထွက်ထားတဲ့သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကျောင်းတွင်း သေနတ်ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ၂၅ ယောက် ဒဏ်ရာရခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

တမ်ဘလာရစ်ခရိုင်ဟာ လူဦးရေ ၂,၄၀၀ သာရှိပြီး အခင်းဖြစ်ပွားတဲ့ အလယ်တန်းကျောင်းက ကျောင်းသားဦးရေ ၁၂၀ ရှိပါတဲ့ ကျောင်းဖြစ်ပါတယ်။

ကနေဒါနိုင်ငံဟာ သေနတ်ဥပဒေတွေကို အမေရိကန်နိုင်ငံထက် ပိုပြီး တင်းကျပ်ထားပေမဲ့ လိုင်စင်နဲ့ သေနတ်ပိုင်ဆိုင်ခွင့် ရှိနေပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013