
မန်ယူနည်းပြဟောင်း ရူဘင်အာမိုရင်ရဲ့ လက်ထောက်ဖြစ်သူ အာဒီလီယို ကန်ဒီဒိုက အသင်းကနေ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ကစားသမားတွေကို ဝေဖန်လိုက်ပါတယ်။
ကစားသမားတွေက သူတို့ရဲ့ နည်းဗျူဟာကို ကွင်းထဲမှာ အပြည့်အဝ အကောင်အထည် မဖော် နိုင်ခဲ့တာက သူ့အတွက် အဆိုးရွားဆုံး ခံစားချက်ပါလို့ ပြောခဲ့တာပါ။
အာမိုရင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက လိဒ်ယူနိုက်တက်နဲ့ သရေကျပြီးနောက် အသင်းအကြီးအကဲ တွေကို ဝေဖန်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာပါ။
အာမိုရင်ရဲ့ ၃-၄-၂-၁ နည်းစနစ်ဟာ ကိုဘီမိန်နူးလို ကစားသမားမျိုးအတွက် နေရာမရှိသလို တိုက်စစ်မှူး ဘင်ဂျမင်ဆက်စကို ကိုလည်း ရုန်းကန်စေခဲ့တယ်လို့ သုံးသပ်မှုတွေ ရှိခဲ့တာပါ။
အာမိုရင် ထွက်ခွာသွားပြီးနောက်မှာတော့ ဆက်စကိုဟာ ၈ ပွဲမှာ ၇ ဂိုးအထိ သွင်းယူကာ ပုံစံကောင်း ပြန်ရနေသလို မိန်နူးလည်း အသင်းမှာ ပြန်လည်ခြေစွမ်းပြနေပြီး အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် ၃ နေရာအထိ တက်လှမ်းနိုင်ထားတာ ဖြစ်ပါတယ်။
မန်ယူဟာ အာမိုရင်ကို ထုတ်ပယ်ခဲ့ရတဲ့အတွက် နစ်နာကြေးအဖြစ် အာမိုရင် တယောက်တည်း အတွက်တင် ပေါင် ၁၀ သန်း ပေးလျော်ခဲ့ရကာ သူ့ကို ခန့်အပ်ခဲ့တာနဲ့ ထုတ်ပယ်ခဲ့တဲ့ စုစုပေါင်း ကုန်ကျစရိတ်ဟာ ပေါင် ၂၇ သန်းနီးပါး ရှိခဲ့တယ်လို့ သိရပါတယ်။
Photo:Reuters


