
အမိန့်ပေးသမျှကို နားထောင်ရုံသက်သက် နည်းပြတယောက်မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝရှိတဲ့ မန်နေဂျာတယောက်အဖြစ် မန်ချက်စတာယူနိုက်တက်ကို လာရောက်ခဲ့တာလို့ နည်းပြအာမိုရင်က ပြောပါတယ်။
ဇန်နဝါရီ ၄ ရက်က သတင်းစာရှင်းလင်းပွဲမှာ မန်ယူနိုက်တက် နည်းပြ အာမိုရင်ဟာ သူ့ရဲ့ရာထူးနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဒေါသတကြီး ပြတ်ပြတ်သားသား တုံ့ပြန်ခဲ့တာပါ။
သောကြာနေ့ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးစဉ်ကတည်းက အာမိုရင်ဟာ စိတ်ပျက်နေပုံရပြီး အသင်းဘုတ်အဖွဲ့က သူ့အပေါ် ယုံကြည်မှု ရှိ၊ မရှိ မေးမြန်းတဲ့အခါမှာ သိသိသာသာ စိတ်ဆိုး ဒေါသထွက်လာခဲ့ပါတယ်။
မနေ့ညက လိဒ်ယူနိုက်တက်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “ကျနော်က မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာပါ။ နောက်ထပ် ၁၈ လအထိ ဒါမှမဟုတ် အသင်းဘုတ်အဖွဲ့က ပြောင်းလဲဖို့ ဆုံးဖြတ်တဲ့အထိ ဒီအတိုင်းပဲ ဆက်သွားမှာပါ” လို့ ပြောဆိုခဲ့ပါတယ်။
သူအနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာသွားဖို့ အစီအစဉ် မရှိဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မန်ယူအသင်းရဲ့ အားကစားဒါရိုက်တာ အပါအဝင် ကင်းထောက်ဌာနနဲ့ တခြားတာဝန်ရှိသူတွေ အနေနဲ့လည်း ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ လိုအပ်ကြောင်း နည်းပြ အာမိုရင်က ပြောသွားပါတယ်။
အပြောင်းအရွှေ့ကာလမှာ ကစားသမားသစ် ခေါ်ယူရေးနဲ့ ပတ်သက်လို့ နည်းပြအာမိုရင်နဲ့ အသင်းတာဝန်ရှိသူတွေကြားမှာ မကျေလည်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်လာချိန်မှာ တာဝန်ရှိသူတွေဘက်က ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ အာမိုရင်က သတိပေးသွားတာပါ။
ဒီအခြေအနေက နည်းပြအာမိုရင်နဲ့ အသင်းတာဝန်ရှိသူတွေကြားမှာ ဆက်ဆံရေး အဆင်မပြေ ဖြစ်နေတာကို မီးမောင်းထိုးပြနေကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
ပရီးမီးယားလိဂ်မှာ ပွဲစဉ်တိုင်းက အသင်းအတွက် ခက်ခဲကြောင်း နည်းပြအာမိုရင်က လိဒ်ယူနိုက်တက်နဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ ဒါဘီပွဲစဉ်မတိုင်ခင်မှာ ပြောကြားခဲ့ပါတယ်။


