Home
မြန်မာသတင်း
ပုလဲမြို့နယ်၌ စစ်တပ်က ပါရာမော်တာဖြင့် အဆိပ်ငွေ့ဖျန်း
DVB
·
March 2, 2026

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီက ပါရာမော်တာနဲ့ အဆိပ်ငွေ့ဖျန်းတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၈ ယောက် ဆေးရုံတင်ထားရပါတယ်။

ပုလဲမြို့ပေါ်ကနေ အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ တပ်သားတွေနဲ့ စစ်ကြောင်း ၂ ခုခွဲပြီး စစ်ကောင်စီက နယ်မြေရှင်းလင်းရေးနဲ့ စည်းရုံးရေးလုပ်ငန်းတွေ ပြုလုပ်ဖို့ ကြိုးစားနေတာပါ။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာမှုစတင်ခဲ့ပြီး ၂၈ ရက်နေ့မှာတော့ ချင်ပြစ်ရွာနဲ့ မုံသွင်းရွာအကြားမှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီး မကြာခင်မှာပဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး မတ် ၁ ရက်မှာ ပါရာမော်တာနဲ့ အဆိပ်ငွေ့တွေ ဖျန်းချခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တယောက်က ပြောပါတယ်။ 

“ဒီ ချင်ပြစ်ရွာကို ရောက်နေတာ ၃ ရက်လောက်ရှိပြီ။ အဲဒီ ချင်ပြစ်ရွာကို စစ်ကြောင်းထိုင်သလိုလို ဘာလိုလိုနဲ့ ထွက်လာတဲ့ အခါတိုင်းမှာ ပကဖ(ပူးပေါင်း) PDF တွေအားလုံးက မိုင်းဆွဲလိုက်၊ တိုက်ခိုက်လိုက် လုပ်တဲ့အခါမှာ သူတို့ ရှေ့ဆက်ပြီးတော့ တိုးလို့မရဘူး။ တော်တော်များများ စကစဘက်က ကောင်တွေ ထိခိုက်နစ်နာမှု များနေတဲ့အခါမှာ ကျနော်တို့မြို့နယ်ထဲကို နမခတပ်၊ ပါရာမော်တာတွေ၊ တံတားဦးက ဂျက်ဖိုက်တာတွေ၊ Y 12 တွေ အမျိုးမျိုး လာရောက်ပြီးတော့ တိုက်ခိုက်မှုတွေ လုပ်နေတာပဲပေ့ါနော်။ မနေ့ညကဆိုရင် ၇ နာရီခွဲလောက်မှာပဲ နမခတပ် ပါရာမော်တာ ၂ စီးနဲ့ စစ်မြေပြင်မှာရှိနေတဲ့ ရဲဘော်တွေနဲ့ ရွာကြားမှာ အဆိပ်ငွေ့ချသွားတယ်။ ချသွားတဲ့အခါမှာ ကျနော်တို့ဘက်က ရဲဘော် ၇၀ လောက်က ယားယံတာတွေ၊ အော့အန် ပျို့တာတွေ ဖြစ်တယ်၊ ရဲဘော် ၈ ယောက်လောက်ကလည်း ဆေးရုံတင်ထားရတယ်။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ အကုန်လုံးအဆင်ပြေပါတယ်။ ဒီဘက်ကလည်း ကျနော်တို့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပြီးတော့ ထပ်ပြီးတော့ ကျနော်တို့ ဘယ်လိုတိုက်ဖို့၊ ဘယ်လိုလုပ်ဖို့ လုပ်နေပါတယ်။”

စစ်ကောင်စီက ပုလဲနယ်၊ ဇီးဖြူကုန်းပျူရွာနဲ့ ယင်းမာပင်နယ်ထဲက ပျူရွာတွေကို လေယာဉ်နဲ့ ရိက္ခာ၊ လက်နက်၊ တပ်သားအင်အား ဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

ချင်ပြစ်နဲ့ မုံသွင်းရွာတွေ အပါအဝင် ဒေသတွင်းက ကျေးရွာ ၇ ရွာထက်မနည်းက ပြည်သူ ထောင်နဲ့ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ပုလဲဒေသခံတယောက်က “၂၈ ရက်နေ့မှာတော့ တိုက်ပွဲဖြစ်တယ်။ နှစ်ဖက်ထိခိုက်မှုလည်း ရှိတယ်လို့ ကြားသိရတယ်။ ၂၈ ရက်နေ့ လာကြဲတဲ့ဥစ္စာကတော့ ဂျက်ဖိုက်တာ ၂ စီးနဲ့က ပထမလာတယ်ဗျ၊ နောက်ပြီးတော့ Y12 နဲ့က ဗုံးသီး ၃၇ လုံး ကြဲသွားတယ်ဗျာ။ တခါ ညနေပိုင်းရောက်တော့လည်း ဂျက်ဖိုက်တာ ၄ စီးနဲ့ လာကြဲသွားတယ်။ ညနေပိုင်း နေဝင်ရိုးရီလောက်ကျတော့ ပါရာမော်တာ ၃ စီးနဲ့ အဆိပ်ငွေ့တွေ ဖျန်းသွားတာ လူတွေတော့ မူးအော့အန်တာ ဖြစ်ကြတယ်ဗျ။ မုံသွင်းနဲ့ ချင်ပြစ်နဲ့ ကြားမှာဗျ။ ဖြစ်တာက အဲဒီနေရာတွေမှာ ဖြစ်တယ်။ မုံသွင်းရဲ့ မြောက်ဘက်မှာကလည်း ကြဲတယ်၊ အဓိကကြဲတာကတော့ သူက ချင်ပြစ်နဲ့ မုံသွင်းကြား တိုက်ပွဲဖြစ်တဲ့နေရာတွေ ကြဲတာများတယ်ဗျ။ အခုအချိန်အထိ ရွာကို ကပ်လို့မရသေးဘူးဗျာ။ လေကြောင်းတိုက်ခိုက်မှု လုပ်ထားတဲ့နေရာတွေက ဘယ်လိုပျက်စီးတယ် ဆိုတာကိုလည်း မသိရသေးဘူး” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ ဗမာ့အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ဦးဆောင်သူ ဗိုလ်နဂါး စစ်ကောင်စီဘက်ကို ပြောင်းသွားပြီးနောက် ဒေသတွင်းမှာ မတည်ငြိမ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

လတ်တလော စစ်ကောင်စီ အထိုင်ချထားတဲ့ ချင်ပြစ်ကျေးရွာဟာ ဗိုလ်နဂါးရဲ့ BNRA စိုးမိုးနယ်မြေထဲမှာ ရှိနေတာပါ။

ဗိုလ်နဂါး ဘက်ပြောင်းပြီးနောက် ဒေသတွင်း ကျန်နေတဲ့ ပြည်သူတွေအကြား စိတ်သဘောထား မတိုက်ဆိုင်မှုတွေကို စစ်ကောင်စီက အခွင့်အရေးယူပြီး စည်းရုံးရေးလုပ်ငန်းတချို့ကို လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013