
ယီမင်နိုင်ငံက ဟူသီသူပုန်ခေါင်းဆောင်က ဟူသီအဖွဲ့ဟာ ဘယ်အခြေအနေအတွက်မဆို အပြည့်အဝ ပြင်ဆင်ထားတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်က ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောကြားလိုက်ပြီး အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြားမှာ အီရန်နဲ့ စည်းလုံးညီညွတ်ဖို့ ကတိပြုခဲ့ပါတယ်။
ယီမင်နိုင်ငံ မြို့တော် ဆာနာနဲ့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းဒေသအများစုကို ထိန်းချုပ်ထားတဲ့ ဟူသီ တပ်ဖွဲ့ တွေက အီရန်အစိုးရအပေါ် ထောက်ခံမှုကို ဘာသာရေးဆိုင်ရာ တာဝန်ဝတ္တရားတခုအဖြစ် ပုံဖော်ခဲ့ ပါတယ်။
ဟူသီခေါင်းဆောင်က အမေရိကန်နဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ အီရန်တို့ကြား လက်ရှိရင်ဆိုင်မှုကို မွတ်စလင်ကမ္ဘာ တခုလုံးအတွက် အဓိကကျတဲ့အချိန်အဖြစ်လည်း ဖော်ပြခဲ့ပါတယ်။
ရက်စက်ကြမ်းကြုတ်တဲ့ အစ္စရေး-အမေရိကန် အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရာမှာ အီရန်နိုင်ငံကို ရှေ့တန်းကနေ ဦးဆောင်သူအဖြစ် ဖော်ပြပါတယ်။
အယ်လ်ဟူသီက ဟူသီထိန်းချုပ်ထားတဲ့ နယ်မြေတွေတလျှောက်မှာ လူထုလှုပ်ရှားမှုတွေလုပ်ဖို့ကိုလည်း တောင်းဆို ပါတယ်။
သူ့နောက်လိုက်တွေကိုလည်း အင်အားနဲ့ စည်းလုံးညီညွတ်မှုကိုပြဖို့ လမ်းမတွေပေါ် ထွက်ဖို့ တိုက်တွန်းခဲ့ ပါတယ်။
၂၀၁၄ ခုနှစ်ကစပြီး ယီမင်နိုင်ငံရဲ့ မြို့တော်ဆာနာကို သိမ်းပိုက်ထားတဲ့ဟူသီတွေက အီရန်နဲ့ မဟာမိတ် ဖွဲ့ထားတဲ့ တော်လှန်ရေးဝင်ရိုးတန်းနိုင်ငံများအဖွဲ့ရဲ့ အဓိကအစိတ်အပိုင်းတခုဖြစ်ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်နဲ့ အစ္စရေးရဲ့ ဩဇာလွှမ်းမိုးမှုကို ဆန့်ကျင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ကွန်ရက်တခု ဖြစ်ပါတယ်။


