Home
မြန်မာသတင်း
၂၀၂၅ ခုနှစ်တွင် မြန်မာအမျိုးသမီးများ အန္တရာယ်မျိုးစုံကို ဆိုးဆိုးရွားရွားခံစားခဲ့ရ
DVB
·
February 28, 2026

၂၀၂၅ ခုနှစ်အတွင်း အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်‌တွေအပါအဝင် အမျိုးသမီးတွေဟာ စစ်ပွဲရဲ့ ဘေးထွက်ဆိုးကျိုးတွေသာမက၊ အတင်းအကျပ် စစ်သားစုဆောင်းခံရခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုစတဲ့ အန္တရာယ်မျိုးစုံကို အပြင်းအထန် ခံစားခဲ့ကြရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

၂၀၂၅ ခုနှစ်အတွင်း အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေ ခံခဲ့ရပြီး အဲ့ဒီအထဲ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေးတွေလည်း ပါဝင်တယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ 

မြေရှားသတ္တုတူးဖော်တဲ့ စခန်းတွေမှာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်လေးတွေအပါအဝင် အမျိုးသမီး‌တွေဟာ ရွှေ့ပြောင်းလုပ်သားတွေ၊ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် အမျိုးသမီးတွေဟာ အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Center) တွေမှာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ နှိပ်စက် ညှဉ်းပန်းမှုတွေခံနေကြရတယ်လို့ ဆိုပါတယ်။ 

၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီဟာ အမျိုးသမီးတွေကိုပါ စစ်မှုထမ်းဖို့ စတင်စုဆောင်းလာခဲ့ပြီး ဒီလို စုဆောင်းတာကြောင့် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုများ (SGBV) ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်အတွက် အထူးစိုးရိမ်ရတဲ့ အခြေအနေ ဖြစ်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် စစ်မှုထမ်းရမှာကို စိုးရိမ်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချပေးခြင်း (Early marriage) လိုမျိုး နစ်နာစေတဲ့ အလေ့အထတွေလည်း ပေါ်ပေါက်လာတယ်လို့ ဆိုပါတယ်။ 

နောက်ပြီး ၂၀၂၅ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ မိန်းကလေးငယ် အရေအတွက်မှာ ၁၀၉ ယောက်အထိ ရှိခဲ့ပြီး ဒီပမာဏဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း အများဆုံး အရေအတွက်ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။ 

တနှစ်ပတ်လုံးအနေနဲ့ အမျိုးသမီး ၅၀၈ ယောက် သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ပေမဲ့ တခြားအရင်းအမြစ်‌တွေအရ အမျိုးသမီး ၈၀၀ ခန့်အထိ သေဆုံးနိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ 

၂၀၂၅ ခုနှစ်အတွင်း ထင်ရှားတဲ့ ထိခိုက်မှုဖြစ်စဉ်တွေကြောင့် အမျိုးသမီး သေဆုံးမှုတွေ ရှိခဲ့ပြီး အဲ့ဒီအထဲက ၂၀၂၅ ခုနှစ် မေ ၁၂ ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့၊ အိုးတိမ်တွင်းရွာက စာသင်ကျောင်း တခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဆရာမ ၂ ယောက်သေဆုံးခဲ့ရပါတယ်။ 

နောက်ပြီး မတ်လမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အိုးဘိုထောင်ရဲ့ အစိတ်အပိုင်းတချို့ ပြိုကျချိန်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး အကျဉ်းသူတယောက်ဟာ ဆေးကုသခွင့် ငြင်းပယ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ရပါတယ်။ 

ဒီဇင်ဘာ ၁၀ ရက်မှာတော့ ရခိုင်ပြည်နယ်၊ မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၁၆ ယောက် သေဆုံးခဲ့ရပါတယ်။ 

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ ဆက်စပ်ပြီး ၂၀၂၅ ခုနှစ်အထိ အမျိုးသမီး ၄,၂၇၈ ယောက်ဟာ ဖမ်းဆီးထိန်းသိမ်းခံထားရသလို အဖမ်းခံထားရသူတွေထဲ အမျိုးသမီးသတင်းထောက် ၃၇ ယောက် ပါဝင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013