
မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ပိုမိုတွေ့မြင်လာရတယ်လို့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာစောင့်ကြည့်ရေးအစီအစဉ် Global Media Monitoring Project (GMMP) က အသစ်ထုတ်ပြန်လိုက်တဲ့ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ သိရတယ်။
မြန်မာသတင်းမီဒီယာတွေမှာ သတင်းရင်းမြစ်တွေအဖြစ် အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ၂၀၁၇ ခုနှစ်မှာ ၁၇ ရာခိုင်နှုန်း၊ ၂၀၂၀ ပြည့်နှစ်တုန်းက ၁၈ ရာခိုင်နှုန်းပဲရှိခဲ့ရာက အခုအခါမှာတော့ ၂၉ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။
မီဒီယာအမျိုးအစားအလိုက် ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာတော့ ရုပ်မြင်သံကြားကဏ္ဍမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ၄၄ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးဖြစ်နေတာကို တွေ့ရပါတယ်။ အွန်လိုင်းမီဒီယာမှာတော့ ၂၀ ရာခိုင်နှုန်း ပါဝင်ပေမဲ့ ပုံနှိပ်မီဒီယာတွေမှာတော့ အမျိုးသမီးတွေကို သတင်းရင်းမြစ်အဖြစ် အသုံးပြုထားခြင်းမရှိတာကို အစီရင်ခံစာအရ သိရပါတယ်။
ဖော်ပြတဲ့သတင်းတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ အကြောင်းအရာနဲ့ မီဒီယာအမျိုးအစားအလိုက် ကွဲပြားတာကို တွေ့ရပြီး ပုံနှိပ်မီဒီယာနဲ့ ရုပ်မြင်သံကြားသတင်းတွေမှာ အမျိုးသမီးတွေဟာ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှု ၄၀ ရာခိုင်နှုန်း ၊ သိပ္ပံနဲ့ ကျန်းမာရေးမှာ ၃၈ ရာခိုင်နှုန်း၊ လူမှုရေးနဲ့ ဥပဒေရေးရာတွေမှာ ၂၇ ရာခိုင်နှုန်းနဲ့ အများဆုံး မြင်တွေ့ရတယ်လို့ ဆိုပါတယ်။
အွန်လိုင်းမီဒီယာတွေမှာတော့ အမျိုးသမီးတွေကို စီးပွားရေးမှာ ၆၇ ရာခိုင်နှုန်းနဲ့ သိပ္ပံ၊ ကျန်းမာရေး၊ နာမည်ကျော်/အနုပညာ/မီဒီယာ (တခုစီမှာ ၃၃ ရာခိုင်နှုန်း စီ) ပါဝင်နေတာတွေ့ရပြီး လူမှုရေးနဲ့ ဥပဒေရေးရာတွေမှာ ၁၅ ရာခိုင်နှုန်း ပါဝင်တာတွေ့ရတယ်လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ မီဒီယာစောင့်ကြည့်ရေး အစီအစဉ်မှာ မြန်မာနိုင်ငံအနေနဲ့ မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့ (Myanmar Women Journalists Society -MWJS) လည်းပါဝင် ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်က စေတနာ့ဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာစောင့်ကြည့်တဲ့အစီအစဉ်မှာ MWJS အဖွဲ့က မြန်မာအမျိုးသမီးသတင်းထောက်တွေနဲ့ မီဒီယာသုတေသီတွေ ပါဝင်လုပ်ကိုင်ခဲ့ပြီး ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပတဲ့ Global launch of 2025 အစီအစဉ်မှာလည်း ပါဝင်တင်ဆက်ခဲ့ပါတယ်။
ကမ္ဘာလုံးဆိုင်ရာမီဒီယာစောင့်ကြည့်ရေးအစီအစဉ်ဟာ နိုင်ငံအသီးသီးမှာရှိတဲ့ မီဒီယာတွေပေါ်မှာ ကျားမရေးရာ တန်းတူညီမျှစွာ ရေးသားတင်ဆက်မှုတွေကို လေ့လာစောင့်ကြည့် သုတေသနပြုလုပ်တဲ့ အစီအစဉ်ဖြစ်ပြီး ကမ္ဘာမှာ အကြီးဆုံးနဲ့ အကြာရှည်ဆုံး စောင့်ကြည့်လေ့လာမှုတွေ ပြုလုပ်နေတဲ့ လုပ်ငန်းစဉ်တခုလည်း ဖြစ်ပါတယ်။
ဒီနှစ်အတွက်တော့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၉၄ နိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံအတွက်လည်း မြန်မာအမျိုးသမီးသတင်းသမားများအဖွဲ့အနေနဲ့ သုတေသနစာတမ်းကို အောင်မြင်စွာ တင်ဆက်နိုင်ခဲ့တယ်လို့ ဒီအစီအစဉ်မှာ Myanmar National Coordinator အနေနဲ့ ပါဝင်လုပ်ဆောင်ခဲ့တဲ့ MWJS အဖွဲ့ရဲ့ အလုပ်အမူဆောင် မစိုးစံထိုက်က DVB ကို ပြောပါတယ်။
“မြန်မာပြည်သူတွေကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ တင်ပြနိုင်ဖို့အတွက် လွတ်လပ်တဲ့ သတင်းမီဒီသမားတွေဟာ နှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ အလွဲသုံးစားပြုမှုတွေအပါအဝင် အသက် အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေမှာ သတင်းမီဒီယာ အလုပ်တွေကို လုပ်ကိုင်နေရတာပါ။ ဒီလို အခက်အခဲတွေ အများကြီးရှိတဲ့ကြား ဆက်လက်လုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေရှိနေလိုသာ ကျမတို့ မြန်မာအမျိုးသမီး သတင်းသမားများအဖွဲ့ Myanmar Women Journalists Society က မီဒီယာ သုတေသန လုပ်ခွင့်ရခဲ့တာပါ။”
မြန်မာနိုင်ငံအတွက် အစီရင်ခံစာ Myanmar Nation Reports ကိုတော့ လာမဲ့ ၂၀၂၆ ဇန်နဝါရီလမှာ မိတ်ဆက်ထုတ်ပြန်ပေးသွားဖို့ရှိပြီး သတင်းတွေမှာ အမျိုးသမီးကို ဘယ်လို ပုံဖော်ပြသနေသလဲ ဆိုတာတွေကို အချက်အလက်တွေနဲ့တကွ သုတေသနတွေ့ရှိချက်တွေ ဖော်ပြပေးသွားမယ်လို့ မစိုးစံထိုက်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ လူကြည့်အများဆုံး သတင်းမီဒီယာအခု ၂၀ ကနေ အချက်အလက်တွေကောက်ယူပြီး သုတေသန လုပ်ခဲ့တယ်လို့ လည်းသိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာနယ်ဇင်းသတင်းသမား ၇ ယောက် စစ်အာဏာရှင်ရဲ့ သတ်ဖြတ်တာခံခဲ့ရပြီး သတင်းသမား အယောက် ၂၀၀ ကျော်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကနေ့အထိ သတင်းထောက် ၅၁ ယောက်ဟာ သူတို့ရဲ့ အလုပ်ကြောင့် အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးအကျဉ်းချခံနေရသလို လွတ်လပ်တဲ့ မီဒီယာတွေဟာလည်း နိုင်ငံထဲက ထွက်ခွာသွားခဲ့ကြရတယ်လို့ ဆိုပါတယ်။
ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF)ရဲ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်အညွှန်းကိန်းမှာတော့ မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၁၆၉ မှာ ရပ်တည်နေပြီး တရုတ်နိုင်ငံရဲ့ နောက် ကမ္ဘာ့ဒုတိယအမြင့်ဆုံး သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတဲ့ နိုင်ငံအဖြစ် ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ်က ကျင်းပဖို့စီစဉ်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မြန်မာပြည်တွင်းမှာ သတင်းရေးသားမှုတွေအပေါ် ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ထိန်းချုပ်နေတယ်လို့ RSF အဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။
Photo: GMMP


