
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့အနီး ဆင်ထိုးကြီးရွာမှာ အမျိုးသမီးတယောက် မိုင်းနင်းမိပြီး ညာခြေတဖက် ဖြတ်လိုက်ရတယ်လို့ ဆင်ထိုးကြီးရွာ ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက် နေ့လယ် ၁၂ ခွဲလောက်မှာ အမျိုးသမီးတယောက် ဆင်ထိုးကြီး ဘုန်းကြီးကျောင်းဝင်းထဲမှာ မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာ အပြင်းအထန်ရခဲ့တာပါ။
ဆင်းထိုးကြီးရွာ ဒေသခံတယောက်က “သားအဖနှစ်ယောက် ဘုန်းကြီးကျောင်းထဲမှာ သံပရာသီး ဝင်ကောက်တာ။ အဖေက ဘာမှမဖြစ်ဘူး၊ သမီးဖြစ်သူက ညာခြေ ဖြတ်လိုက်ရတယ်။ အခုတော့ ထားဝယ်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်” လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးဟာ မြိတ်တက္ကသိုလ်မှာ ကျောင်းတက်နေသူဖြစ်ပြီး ဆင်ထိုးကြီးရွာကို ပြန်ရောက်တာ တပတ်ဝန်းကျင်ခန့်သာ ရှိသေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဆင်ထိုးကြီးရွာ ဒေသခံနောက်တယောက်က “ဘုန်းကြီးကျောင်းဟာ တားမြစ်နယ်မြေ ဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မသွားရတဲ့နေရာတွေကို နှုတ်မိန့်နဲ့ ကန့်သတ်ထားတာတော့ ရှိတယ်။ ဆင်ထိုးကြီးရွာရော အနီးနားဝန်းကျင်မှာရော နှစ်ဖက်စလုံးက ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေလို့ပါ” လို့ ပြောပါတယ်။
မိုင်းနင်းမိတဲ့နေရာဖြစ်တဲ့ ဆင်ထိုးကြီး ဘုန်းကြီးကျောင်းဟာ ၂၀၂၄ ခုနစ်၊ သြဂုတ်လမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဘုန်းကြီးတွေလည်း တိမ်းရှောင်ကုန်ပြီး ကျောင်းလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


