
တောင်ကိုရီးယားနိုင်ငံကို EPS စနစ်နဲ့ သွားရောက်လုပ်ကိုင်ဖို့ စာမေးပွဲအောင်မြင်ထားပြီး အလုပ်လျှောက်လွှာတင်ထားတဲ့ အမျိုးသမီးအများအပြားမှာ အလုပ်လျှောက်လွှာ သက်တမ်းကုန်ဆုံးတဲ့အထိ အလုပ်ခေါ်ယူခန့်ထားခံရတာ မရှိဘူးလို့ အလုပ်ရဖို့ စောင့်ဆိုင်းနေသူတွေဆီက သိရပါတယ်။
မနှစ်က ပြုလုပ်ကျင်းပတဲ့ EPS-TOPIK စာမေးပွဲမှာ ဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားကို ထည့်သွင်းခဲ့ပြီး အမျိုးသမီးတွေကို ဝင်ရောက်ဖြေဆိုခွင့်ပေးခဲ့ကာ မြန်မာနိုင်ငံကနေ တောင်ကိုရီးယားကို အမျိုးသမီးလုပ်သားတွေ ပထမဆုံးသွားရောက်လုပ်ကိုင်ခွင့် ပြုခဲ့ပါတယ်။
အဲဒီစာမေးပွဲကို ဝင်ဖြေတဲ့ အမျိုးသမီး သောင်းနဲ့ချီရှိခဲ့ပြီး အယောက် ၃,၀၀၀ နီးပါး စာမေးပွဲအောင်မြင်ခဲ့ပေမဲ့ အခုအချိန်အထိ ၄ ယောက်လောက်ပဲ ရွေးချယ်ခေါ်ယူ အလုပ်ရရှိထားတာလို့ ဝန်ဆောင်မှုလုပ်ငန်းနဲ့ တောင်ကိုရီးယားနိုင်ငံကို သွားခွင့်ရဖို့ စောင့်ဆိုင်းနေသူတွေက ဆိုပါတယ်။
အဲဒီဝန်ဆောင်မှုလုပ်ငန်းအမျိုးအစားအတွက် စာမေးပွဲအောင်ထားပြီး အလုပ်လျှောက်လွှာတင်ထားသူတွေရဲ့ လျှောက်လွှာသက်တမ်းက ဒီဇင်ဘာလ ကုန်ဆုံးမှာဖြစ်လို့ သွားခွင့်ရဖို့ မျှော်လင့်ချက်နည်းသွားပြီလို့ အလုပ်ကမ်းလှမ်းလာမှာကို စောင့်ဆိုင်းနေတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။
“အချိန်ရော၊ ငွေရောအကုန်ခံပြီး ရင်းထားခဲ့တာ။ အခုတော့ စိတ်ဓာတ်တွေပါကျသွားပြီ။ ကိုယ့်လိုပဲ မျှော်တလင့်လင့်နဲ့ စောင့်နေတဲ့သူတွေလည်း အများကြီး။ ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး။"
အဲဒီ EPS-TOPIK စာမေးပွဲအောင်ထားပြီး အလုပ်လျှောက်လွှာတင်ထားတဲ့ အလုပ်ရှင်ရဲ့ ရွေးချယ်မခံရသေးသူတွေအနေနဲ့ အလုပ်လျှောက်လွှာ သက်တမ်းတိုးခွင့်ရမှာဖြစ်ကြောင်းနဲ့ သက်တမ်းတိုးရမဲ့ရက်ကို ကြေညာပေးသွားမယ်လို့ စစ်ကောင်စီလက်အောက်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အသိပေးထုတ်ပြန်ထားပါတယ်။
အလုပ်လျှောက်လွှာသက်တမ်းတိုးလို့ ရပေမဲ့လည်း ကိုရီးယားဘက်က အလုပ်ခေါ်ယူတာ နည်းတဲ့အတွက် ဆက်ပြီးမျှော်လင့်နေဖို့ ဆန္ဒမရှိတော့ဘူးလို့ ကာယကံရှင်အမျိုးသမီး လုပ်သားတချို့က ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံက အလုပ်ရှင်တွေအနေနဲ့ ဆောက်လုပ်ရေး၊ ကုန်ထုတ်၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေအတွက် မြန်မာအမျိုးသားလုပ်သားတွေကို အဓိက ခေါ်ယူနေတာ ဖြစ်ပါတယ်။
လက်ရှိ အဲဒီနိုင်ငံမှာ မြန်မာလုပ်သား ၈၀,၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေတာလို့ မှတ်တမ်းတွေအရ သိရပါတယ်။


