
ဆူဒန်နိုင်ငံမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တွေဟာ ရာဇဝတ်မှုဖြစ်ပွားတဲ့နေရာတွေ ဖြစ်လာနေပြီလို့ အယ်လ်ဖာရှီးကနေ ထွက်ပြေးလာသူတွေက မုဒိမ်းမှု၊ အစာရေစာ ငတ်မွတ်ခေါင်းပါးမှုနဲ့ အကြမ်းဖက်မှု အတွေ့အကြုံတွေကို ပြန်ပြောပြကြကြောင်း ကုလသမဂ္ဂ အမျိုးသမီးရေးရာ အေဂျင်စီက နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
အရှေ့အာဖရိကနဲ့ တောင်အာဖရိကဆိုင်ရာ ကုလသမဂ္ဂ အမျိုးသမီးရေးရာ ဒေသညွှန်ကြားရေးမှူး အန်နာ မူတာဗာတီက “အမျိုးသမီးတွေ ဘေးကင်းစွာစုဝေးဖို့၊ ကာကွယ်မှုရှာဖွေဖို့ ဒါမှမဟုတ် အခြေခံအကျဆုံး စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုကိုတောင် ရယူဖို့ ဘေးကင်းတဲ့နေရာတွေ မရှိတော့ဘူး” လို့ နိုင်ရိုဘီကနေ ဗီဒီယိုလင့်ခ်မှတဆင့် ဂျီနီဗာရှိ သတင်းထောက်တွေကို ပြောပါတယ်။
အယ်လ်ဖာရှီးမှ ထွက်ပြေးလာတဲ့ အမျိုးသမီးတွေဟာ သတ်ဖြတ်မှုတွေ၊ မုဒိမ်းကျင့်မှုတွေနဲ့ သူတို့ကလေးတွေ အတင်းအဓမ္မ ပျောက်ဆုံးသွားရတာတွေကို မျက်မြင်တွေ့ရှိခဲ့ကြောင်း ပြောပြကြတယ်လို့ အန်နာ မူတာဗာတီက ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေကြောင်းနဲ့ မုဒိမ်းမှုကို စစ်လက်နက်အဖြစ် ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တကျ အသုံးပြုနေတယ်ဆိုတဲ့ အထောက်အထားတွေ တိုးပွားလာနေကြောင်းလည်း ဆိုပါတယ်။
အစာရေစာ ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံနေရတဲ့ ဒါဖာမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် ၁၁ သန်းလောက်ဟာ အစားအစာ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရပြီး အစားအစာ ရှာဖွေနေချိန်မှာတောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ရင်ဆိုင်နေရကြောင်း ကုလအမျိုးသမီးရေးရာအေဂျင်စီက သတိပေးခဲ့ပါတယ်။
ကွင်းဆင်းအစီရင်ခံစာတွေထဲမှာ အမျိုးသမီးတွေဟာ ဟင်းချိုချက်ပြုတ်စရာ တောထဲက သစ်ရွက်တွေ၊ ဘယ်ရီသီးတွေ အပါအဝင် ရှာနေချိန်မှာပဲ ပြန်ပေးဆွဲခံရတာ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျား/မ ခွဲခြားမှုဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် အကြမ်းဖက်မှုအန္တရာယ်တွေကို ရင်ဆိုင်ရလေ့ရှိပါတယ်လို့ မူတာဗာနီ က ပြောပါတယ်။
ဒီလမှာပဲ ကမ္ဘာလုံးဆိုင်ရာ အစားအစာစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ဟာ အယ်လ်ဖာရှီးနဲ့ ကာဒူဂလီတို့မှာ အငတ်ဘေး ကြုံနေရကြောင်း ကြေညာခဲ့ပါတယ်။
ဆူဒန်စစ်တပ်နဲ့ ၂ နှစ်ခွဲကြာ ပဋိပက္ခအတွင်း အမြန်တုံ့ပြန်ရေးတပ်ဖွဲ့ (RSF)က အောက်တိုဘာ ၂၆ ရက်မှာ အယ်လ်ဖာရှီးမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ချိန်မှာ အရပ်သားတွေဟာ လမ်းတွေပေါ်မှာ ပစ်သတ်ခံခဲ့ရပြီး ဒရုန်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။
ကုလသမဂ္ဂရဲ့ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့ကတည်းက အယ်လ်ဖာရှီးနဲ့ အနီးတဝိုက်မှာ လူပေါင်း ၈၂,၀၀၀ လောက် ထွက်ပြေးခဲ့ကြပြီး မြို့တွင်း လူပေါင်း ၂ သိန်းလောက် ပိတ်မိနေနိုင်ဆဲဖြစ်ကြောင်း ၁၈ လကြာ ဝိုင်းရံတိုက်ခိုက်မှု ပြီးဆုံးခါနီးချိန် လူဦးရေ ခန့်မှန်းချက်အရ သိရပါတယ်။


