
ဆူဒန်နိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးနဲ့ ရန်လိုမှုတွေ ရပ်တန့်ရေးဆိုင်ရာ ဆွေးနွေးမှုတွေကို ပြုလုပ်ဖို့အတွက် အမေရိကန်ပြည်ထောင်စုနဲ့ အာရပ် အင်အားကြီးနိုင်ငံတွေရဲ့ အဆိုပြုချက်တရပ်ကို RSF အမြန်တုံ့ပြန်ရေးတပ်ဖွဲ့က နိုဝင်ဘာ ၆ ရက်မှာ လက်ခံခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ “အမြန်တုံ့ပြန်အင်အားတပ်ဖွဲ့ (RSF) ဟာ ဒီသဘောတူချက်ကို အကောင်အထည်ဖော်ဖို့နဲ့ ဆူဒန်မှာ ပဋိပက္ခရပ်စဲရေးဆိုင်ရာ စီမံချက်တွေနဲ့ နိုင်ငံရေးလုပ်ငန်းစဉ်ကို လမ်းညွှန်တဲ့ အခြေခံမူတွေအပေါ် ဆွေးနွေးမှုတွေကို ချက်ချင်းစတင်ဖို့လည်း မျှော်လင့်နေတယ်” လို့ ဆိုပါတယ်။
RSF ဟာ အငတ်ဘေးဒဏ်သင့်နေတဲ့ အယ်လ်ဖာရှီးမြို့ကို သိမ်းပိုက်ပြီး ၂ ပတ်မပြည့်ခင်မှာ ဒီကြေညာချက် ထွက်လာတာဖြစ်ပြီး ဆူဒန်စစ်တပ်ကတော့ ဒီကြေညာချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
ဆူဒန်နိုင်ငံသားတွေလည်း အရာအားလုံး အရင်လိုပြန်ဖြစ်ဖို့နဲ့ ပြည်သူတွေ သူတို့နေအိမ်တွေ၊ မြေတွေဆီ ပြန်သွားနိုင်ဖို့ သူတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ စိုးရိမ်မှုတွေကို ဖော်ပြခဲ့ကြပါတယ်။
“လူငယ်တွေနဲ့ မိသားစုတွေကို ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံကို ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ဖို့ ပြုပြင်စေချင်ပါတယ်” လို့ တာဝီလာမှာ ခိုလှုံနေရတဲ့ နေရပ်စွန့်ခွာ ဆူဒန်နိုင်ငံသား မူဂျာဟစ် ဘာရ် အယ်လ်ဒင်က ပြောကြားပါတယ်။
တချိန်တည်းမှာပဲ အွန်မ်ဒူရ်မန်မြို့မှာလည်း ဒေသခံ မာဇန် အလ်ဟရစ်သ်က RSF ဟာ အရင်တုန်းကလည်း သဘောတူညီချက်တွေကို မလိုက်နာခဲ့ဖူးတာကြောင့် ဒီတကြိမ်လည်း အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေးကို လိုက်နာမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
RSF နဲ့ ဆူဒန်စစ်တပ် ၂ ဖွဲ့စလုံးဟာ ၂ နှစ်ခွဲကြာ စစ်ပွဲအတွင်းမှာ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် အမျိုးမျိုးကို သဘောတူခဲ့ကြပေမဲ့ ဘယ်ဟာမှ အောင်မြင်ခဲ့တာ မရှိပါဘူး။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အစိုးရက ဆူဒန်မှာ တိုက်ပွဲတွေ အဆုံးသတ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အီဂျစ်နိုင်ငံတို့ဟာ ဆူဒန်မှာ ၃ သုံးလကြာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးအပြီးမှာ အပြီးတိုင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ဖို့ စက်တင်ဘာလတုန်းကလည်း တောင်းဆိုခဲ့ကြပါသေးတယ်။
Source: Reuters


