
ဆူဒန်စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ အရန်အမြန်ထောက်ပို့တပ်ဖွဲ့ (RSF) က အယ်လ်-ဖာရှီးမြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် မြို့နဲ့ ပြည်သူတွေ မနာစေဖို့အတွက် ဆူဒန်တပ်ဖွဲ့တွေ မြို့ကနေ ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆူဒန်စစ်တပ် အကြီးအကဲ အဗ္ဗဒယ်လ် ဖတ္တာ အယ်လ်-ဘူရ်ဟန်က အောက်တိုဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
“အယ်လ်-ဖာရှီးမှာ ဖြစ်ပျက်ခဲ့တာတွေကို လူတိုင်းစောင့်ကြည့်ခဲ့ကြတယ်။ RSF က စနစ်တကျ ဖျက်ဆီးမှုတွေလုပ်ပြီး အရပ်သားတွေကို သတ်ဖြတ်မှုတွေကြောင့် မြို့ကနေ ထွက်ခွာမှဖြစ်မယ်လို့ အဲဒီမှာရှိတဲ့ လုံခြုံရေး အပါအဝင် ခေါင်းဆောင်ပိုင်းက အကဲဖြတ်ခဲ့ကြပါတယ်။ ကျန်ရှိနေတဲ့ မြို့အစိတ်အပိုင်းတွေနဲ့ မြို့သူမြို့သားတွေ သေကျေပျက်စီးခြင်းမှ ကယ်တင်နိုင်ဖို့အတွက် မြို့မှထွက်ခွာပြီး ဘေးကင်းတဲ့နေရာကို သွားကြမယ်လို့ ကျနော်တို့နဲ့ သူတို့တွေ သဘောတူညီခဲ့ပါတယ်။”
ဆူဒန်ရဲ့ အမြန်ထောက်ပံ့ရေး အရန်လက်နက်ကိုင်တပ်ဖွဲ့ (RSF) ကလည်း အောက်တိုဘာ ၂၆ ရက်မှာ နိုင်ငံအနောက်ပိုင်း ဒါဖာဒေသရှိ ဆူဒန်စစ်တပ်ရဲ့ နောက်ဆုံးခြေကုပ်ခံတပ်ဖြစ်တဲ့ အယ်လ်-ဖာရှီးရ်မြို့ရှိ စစ်တပ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
RSF တိုက်ခိုက်ရေးသမားတွေဟာ အောက်တိုဘာ ၂၆ ရက်က အနီးအနားရှိ မြို့တွေနဲ့ ရွာတွေမှာ ထွက်ပြေးနေတဲ့ အရပ်သားတွေအား ဖမ်းဆီးထားကြောင်းကို မျက်မြင်သက်သေတွေ၊ လူသားချင်း စာနာထောက်ထားမှု သတင်းရင်းမြစ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောဆိုကြပါတယ်။
RSF ရဲ့ ချီတက်မှုကြောင့် အယ်လ်ဖာရှီးမြို့မှာ ကျန်ရှိနေတဲ့ ခန့်မှန်းခြေ လူဦးရေ ၂ သိန်းခွဲလောက်ကို လက်စားချေမှုတွေနဲ့ ဆူဒန်နိုင်ငံရှိ တခြားနေရာတွေမှာ တိုက်ပွဲတွေ အရှိန်တက်လာမှာကို စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် လူပေါင်း ၂၆,၀၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု အဖွဲ့အစည်း (အိုင်အိုအမ်) က ပြောပါတယ်။
ဆူဒန်စစ်တပ်က စစ်သားထောင်ပေါင်းများစွာနဲ့ မဟာမိတ် သူပုန်အဖွဲ့ဟောင်းတွေဟာ အယ်လ်ဖာရှီးမြို့ အနောက်ဘက် နယ်မြေဒေသတွေထဲကို နောက်ပြန်ဆုတ်သွားပြီးနောက်မှာ RSF တပ်ဖွဲ့တွေက ဝိုင်းရံခဲ့တယ်လို့ ဆူဒန်စစ်ဘက်သတင်းရင်းမြစ် ၂ ခုက အောက်တိုဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
အယ်လ်ဖာရှီးမြို့ကို သိမ်းပိုက်နိုင်တာဟာ RSF အတွက် နိုင်ငံရေးနဲ့ စစ်ရေးမှာ အရေးတကြီး အောင်မြင်မှု ဖြစ်လာမယ်လို့ ခန့်မှန်းနေကြပါတယ်။
ဒီအောင်ပွဲဟာ RSF ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ညှိနှိုင်းရေး အနေအထားကို ပိုမိုကောင်းမွန်စေလိမ့်မယ်လို့ နိုင်ရိုဘီအခြေစိုက် လေ့လာသုံးသပ်သူတယောက်က အောက်တိုဘာ ၂၇ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
ယူနိုက်တက်ကင်းဒမ်း အခြေစိုက် တခြားလေ့လာသုံးသပ်သူတယောက်ကတော့ အမြဲတမ်း အပစ်အခတ် ရပ်စဲရေးဟာ အမေရိကန်ပြည်ထောင်စု ပါဝင်ပတ်သက်နေပေမဲ့လည်း အလှမ်းဝေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Source: Reuters


