
ထိုင်းအလယ်ပိုင်း ချိုင်းယနတ်ခရိုင်၊ ချိုင်းယနတ်မြို့နယ်ထဲမှာ နိုဝင်ဘာ ၆ ရက် မနက်က ကျောက်ဖယားမြစ်ထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြံစည်တဲ့ ထိုင်းအမျိုးသမီးတယောက်ကို ပြင်သစ်အမျိုးသားတယောက်က ကယ်တင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ချိုင်းယနတ်မြို့ ရိန်းဟင်ဆည်အနီး ကျောက်ဖယားမြစ်ကမ်းပါးမှာ မနေ့မနက်က တီရှပ်အင်္ကျီ အဖြူရောင် ဂျင်းဘောင်းဘီတိုဝတ်ထားတဲ့ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ မြစ်ကိုကာရံထားတဲ့ လက်ရမ်းကို ခုန်ကျော်ပြီး ကမ်းပါးအနီး ဆင်းသွားတယ်၊ အဲဒီနောက် ရုတ်တရက် ရေထဲခုန်ချလိုက်တာကို စီစီတီဗီကင်မရာ မှတ်တမ်းကနေ တွေ့ရပါတယ်။
အနီးနားဝန်းကျင်ရှိလူတွေက ဒါဟာ သေကြောင်းကြံတာဖြစ်တယ်ဆိုပြီး အလန့်တကြား အော်ဟစ် အကူအညီ တောင်းကြတယ်၊ ထိုစဉ် မြစ်ကမ်းအနီးရှိ အိမ်တလုံးရဲ့ အိမ်ရှေ့မှာ ထိုင်နေသူ နိုင်ငံခြားသားတယောက် အော်သံတွေကြားရာဘက် ကြည့်လိုက်စဉ် မြစ်ထဲမှာ အမျိုးသမီးတယောက် ခေါင်းသာပေါ်ပြီး နစ်မြုပ်တော့မယ့်အနေအထား တွေ့လိုက်ရပါတယ်။
အဆိုပါ ပြင်သစ်အမျိုးသားဟာ ရေနစ်နေတဲ့ အမျိုးသမီးကို ကယ်ဖို့ မဆိုင်းမတွဘဲ ရေထဲလိုက်ဆင်းသွားတယ်၊ သူ့နောက်ကနေ ဆိုင်ကယ် ကယ်ရီသမားတယောက်နဲ့ ပြည်သူတယောက်တို့လည်း ရေထဲလိုက်ကူးလာတယ်၊ သူတို့ဟာ အဆိုပါအမျိုးသမီးကို လက်မတင်လေးဘဲ ကယ်တင်နိုင်ခဲ့ပြီး ကုန်းပေါ်ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းပြည်သူတွေကတော့ ပြင်သစ်အမျိုးသားကို ဟီးရိုး (သူရဲကောင်း) လို့ လူမှုကွန်ရက်မှာ တင်စား ချီးမွမ်းနေကြပါတယ်။
အဆိုပါအမျိုးသားဟာ ပြင်သစ်နိုင်ငံ မာဆေးလ်မြို့က အသက် ၅၂ နှစ်အရွယ်ရှိ မစ္စတာ ဒေးဗစ် ဖြစ်ပြီး ထိုင်းနိုင်ငံကို နှစ်သက်တာကြောင့် ကျောက်ဖယားမြစ်အနီးမှာ အိမ်တလုံး ငှားရမ်းနေထိုင်ကြောင်း၊ အဲဒီနေ့က အိမ်ရှေ့မှာထိုင်နေစဉ် အမျိုးသမီးတယောက် ရေထဲမှာ အခြေအနေမကောင်းဘဲ နစ်မြုပ်ဆဲဖြစ်နေတာတွေ့လို့ ဆင်းကယ်ခဲ့တယ်၊ သူဟာ အားကစားလိုက်စားသူဖြစ်ပြီး ရေကူးလည်းကျွမ်းကျင်တာကြောင့် အခုလို ကူညီနိုင်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
Source: CH7 TV News


