Home
မြန်မာသတင်း
ရခိုင်နှင့် ရှမ်းတွင် အမျိုးသမီးများ အသက်မပြည့်ခင် အိမ်ထောင်ပြုနှုန်း အများဆုံးဖြစ် 
DVB
·
October 28, 2025
Photo: DOP

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အသက် ၁၈ နှစ်မပြည့်ခင် အမျိုးသမီးတွေ အိမ်ထောင်ပြုတာနဲ့ ဆယ်ကျော်သက်မိန်းကလေးတွေ ကလေးမွေးတာ အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအတွက် ပြည်ထောင်စု အစီရင်ခံစာမှာ ဖော်ပြတာဖြစ်ပြီး စုစုပေါင်းလူဦးရေမှာ အမျိုးသား ၄၇ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၃ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံအတိုင်းအတာအရ အသက် ၁၈ နှစ်မပြည့်ခင် အိမ်ထောင်ပြုသူအမျိုးသမီး ၈ ဒသမ ၇ ရာခိုင်နှုန်းရှိပြီး ရခိုင်ပြည်နယ်မှာ ၁၉ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ရှမ်းပြည်နယ်မှာတော့ ၁၃ ဒသမ ၅ ရာခိုင်နှုန်းရှိတယ်လို့ ဖော်ပြထားပါတယ်။

စုစုပေါင်း ကလေးမွေးနှုန်းမှာလည်း ရခိုင်ပြည်နယ်မှာ ၂ ဒသမ ၈ ယောက်နဲ့ အမြင့်ဆုံး၊ ဧရာဝတီတိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ၂ ဒသမ ၂ ယောက်နဲ့ ဒုတိယ အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ပဲခူး၊ မကွေး၊ မန္တလေးတိုင်းတို့မှာတော့ ကလေးမွေးနှုန်းန ည်းပြီး ရန်ကုန်တိုင်းကတော့ အနည်းဆုံး လို့ ဆိုပါတယ်။

မိန်းကလေးတွေ ဆယ်ကျော်သက်အရွယ်မှာ ကလေးမွေးနှုန်းက အသက် ၁၅-၁၉ အုပ်စု မိန်းကလေး ၁,၀၀၀ မှာ ၁၃ ယောက်ရှိပြီး ရခိုင်နဲ့ ရှမ်းပြည်နယ်မှာ အများဆုံးလို့ ဆိုပါတယ်။

လူပျို အပျိုအဖြစ် ပျမ်းမျှနေထိုင်တဲ့အသက်ကတော့ အမျိုးသားတွေမှာ ၂၆ ဒသမ ၆ နှစ်၊ အမျိုးသမီးတွေမှာ ၂၄ ဒသမ ၆ နှစ်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

၂၀၁၄ သန်းခေါင်းစာရင်းတုန်းက အမျိုးသမီး ၁၀၀ မှာ အမျိုးသား ၉၃ ယောက်နှုန်းရှိပြီး အခုတော့ အမျိုးသမီး ၁၀၀ မှာ အမျိုးသား အယောက် ၉၀ နှုန်းပဲရှိတာကိုတွေ့ရသလို အမျိုးသမီး အိမ်ထောင်ဦးစီးနှုန်းဟာ အိမ်ထောင်စုတွေရဲ့ ၂၇ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ထူးထူးခြားခြားတိုးတက်လာတာကတော့ ၂၀၁၄ သန်းခေါင်စာရင်းမှာ အလုပ်လက်မဲ့က ၄ ရာခိုင်နှုန်းရှိခဲ့ပေမဲ့ အခုတော့ ၀ ဒသမ ၇ ရာခိုင်နှုန်းပဲ ရှိတော့တာဖြစ်ပါတယ်။

ပြီးတော့ မသန်စွမ်းနှုန်းမှာလည်း ၂၀၁၄ သန်းခေါင်စာရင်းမှာ နိုင်ငံလူဦးရေရဲ့ ၄ ဒသမ ၆ ရာခိုင်နှုန်းဟာ အနည်းဆုံး မသန်စွမ်းတာတခုခုရှိတယ်လို့ ဆိုပြီး ၂၀၂၄ သန်းခေါင်စာရင်းအရတော့ ၂ ဒသမ ၂၉ ပဲ ရှိတယ်လို့ ဆိုပါတယ်။

ပြီးတော့ ရေကောင်းရေသန့်သုံးတာ၊ ယင်လုံအိမ်သာသုံးတာ၊ လျှပ်စစ်မီးသုံးတာတို့မှာလည်း လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် တိုးတက်လာတာကိုတွေ့ရပါတယ်။

သန်းခေါင်စာရင်းမှာ စစ်ဘေးကြောင့် ပြောင်းရွှေ့နေရသူအရေအတွက်ကိုလည်း ဖော်ပြထားပြီး စုစုပေါင်းရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်း (၁၇ သိန်းလောက်) ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်း မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲက လုံခြုံရေးအခြေအနေအရ  ၁၄၅ မြို့နယ်မှာပဲ သန်းခေါင်းစာရင်း အပြည့်အဝကောက်ယူနိုင်ခဲ့တာဖြစ်ပြီး ၁၂၇ မြို့နယ်မှာတော့ တစိတ်တဒေသ၊ ကျန် ၅၈ မြို့နယ်မှာ လုံးဝ မကောက်ယူနိုင်ခဲ့ပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013