
တောင်ကိုရီးယားနိုင်ငံက EPS စနစ်နဲ့ မြန်မာအမျိုးသမီးလုပ်သားတွေကို ခေါ်ယူတဲ့နှုန်း နည်းတဲ့အတွက် အလုပ်လျှောက်လွှာသက်တမ်း တိုးတဲ့သူလည်း လျော့နည်းသွားတယ်လို့ သွားရောက်လုပ်ကိုင်ခွင့်ရဖို့ စောင့်ဆိုင်းနေသူတွေဆီက သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံဆီ ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားနဲ့ အမျိုးသမီးလုပ်သားတွေ သွားရောက်လုပ်ကိုင်ဖို့ စောင့်ဆိုင်းကာလ ကုန်သွားပြီဖြစ်လို့ သက်တမ်းတိုး အလုပ်လျှောက်လွှာကို ဇန်နဝါရီ ၂၆ နဲ့ ၂၇ ရက်တို့မှာ ထုတ်ပေးမယ်လို့ စစ်ကောင်စီရဲ့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က အသိပေးထားပါတယ်။
အဲဒီ သက်တမ်းတိုး အလုပ်လျှောက်လွှာ ထုတ်ပေးတဲ့ ပထမရက်မှာတင် သွားထုတ်သူ မများတဲ့အတွက် အချိန်ကြာကြာ မစောင့်ခဲ့ရဘူးလို့ ကိုယ်တိုင်သွားရောက်ခဲ့သူတယောက်က ပြောပါတယ်။
“နည်းနည်းပါးပါးလောက်ပဲ စောင့်ခဲ့ရတယ်။ ဒါတောင် လူအများဆုံးလာကြတဲ့ ပထမဆုံးရက် မနက်ပိုင်းသွားတာမို့လို့။ သွားလုပ်ခွင့်ရဖို့က မျှော်လင့်ချက်နည်းလို့ စိတ်ပျက်ပြီး သက်တမ်းမတိုးကြတော့တာလည်း ဖြစ်မယ်။”
မြန်မာနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံဆီ အမျိုးသမီးလုပ်သားတွေ စေလွှတ်နိုင်ဖို့အတွက် ၂၀၂၅ က လုပ်ခဲ့တဲ့ EPS-TOPIK စာမေးပွဲမှာ ဝန်ဆောင်မှုအမျိုးအစားကို ထည့်သွင်းကာ ဝင်ရောက်ဖြေဆိုခွင့် ပေးခဲ့တာပါ။
တောင်ကိုရီးယားနိုင်ငံကို ပထမဆုံး သွားခွင့်ရမှာ ဖြစ်တဲ့အတွက် အမျိုးသမီးလုပ်သားတွေ စိတ်ဝင်စားမှု မြင့်တက်ခဲ့ပြီး ဝင်ဖြေသူ သောင်းချီရှိကာ စာမေးပွဲအောင်တဲ့သူ ၃,၀၀၀ နီးပါး ရှိခဲ့ပါတယ်။
ဒါပေမဲ့ စာမေးပွဲအောင်မြင်ခဲ့သူတွေကနေ အလုပ်လျှောက်လွှာတင်ပြီး အလုပ်ရှင်ရဲ့ ရွေးချယ်ခေါ်ယူတာကို စောင့်ဆိုင်းခဲ့ရတဲ့ သက်တမ်း တနှစ်တာအတွင်း သွားရောက်ခွင့်ရတဲ့သူ ၁၀ ယောက်ထက် မပိုခဲ့လို့ စိတ်ပျက် အားလျော့ခဲ့ရတယ်လို့ ကိုယ်တိုင်အလုပ်မရခဲ့တဲ့သူတယောက်က ပြောပါတယ်။
“မျှော်လင့်ချက်က တအားနည်းတော့ ထပ်လည်းစောင့်မနေချင်တော့ဘူး။ မြန်မြန်ထွက်လို့ရမဲ့ တခြားနိုင်ငံသွားဖို့ ဆုံးဖြတ်ထားတယ်။”
တောင်ကိုရီးယားနိုင်ငံက အခုနှစ်မှာ နိုင်ငံခြားသားလုပ်သား ခေါ်ယူမဲ့ လျာထားတဲ့ လုပ်ငန်းအမျိုးအစားတွေထဲမှာ ဝန်ဆောင်မှုလုပ်ငန်းအတွက် အယောက် ၁,၀၀၀ ပဲ သတ်မှတ်ထားတာဖြစ်ပြီး တခြားလုပ်ငန်း အမျိုးအစားတွေနဲ့ယှဥ်ရင် အနည်းဆုံးရှိနေပါတယ်။
တောင်ကိုရီးယားနိုင်ငံဆီ မြန်မာအမျိုးသမီးလုပ်သားတွေက အခုမှ လုပ်ငန်းအမျိုးအစား တခုတည်းအတွက် သွားခွင့်ရလာခဲ့တာဖြစ်ပြီး တခြားနိုင်ငံတွေက ခွင့်ပြုထားခဲ့တာ ကြာနေပြီဖြစ်တာကြောင့် အလုပ်ရှင်ရဲ့ ဦးစားပေးခေါ်ယူတဲ့ အခြေအနေ မရသေးတာလို့ အဲဒီနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံကနေ ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားနဲ့ အမျိုးသမီးတွေ သွားလုပ်နိုင်တဲ့ အခွင့်အလမ်းရှိပြီး ကုန်ထုတ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်း အမျိုးအစားအတွက် အမျိုးသားတွေကိုပဲ သွားလုပ်ခွင့်ပြုထားတာလည်း ဖြစ်ပါတယ်။


