ဧရာဝတီတိုင်း ပုသိမ်၊ ကျောင်းကုန်းနဲ့ ရေကြည်မြို့မှာ မီးလောင်လို့ နေအိမ် ၁၀ လုံးလောက် ပျက်စီးသွားပါတယ်။
ပုသိမ်မြို့ အမှတ် ၉ ရပ်ကွက်၊ စန္ဒာအေးလမ်းမကြီး၊ လန်ဘားလေးရပ်ကွက်၊ ၁ လမ်းမှာ ဖေဖော်ဝါရီ ၂၈ ရက် ဒီမနက်အစောပိုင်းက မီးလောင်ပြီး နေအိမ် ၆ လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေအိမ်တလုံးက လေပန်ကာ အပူလွန်ကဲတာကြောင့် စတင်မီးလောင်ကျွမ်းတာလို့ သိရပြီး နောက်အိမ်တွေကိုပါ ကူးစက်ခဲ့တာပါ။
မီးသတ်ရာမှာပါဝင်ခဲ့တဲ့ ဒေသခံတယောက်က “မီးစလောင်တဲ့အိမ်က အိမ်ရှင်တွေက ပန်ကာကို ဖွင့်ထားခဲ့ပြီး ခရီးထွက်သွားတာလို့ သိရတယ်။ ဖွင့်ထားတဲ့ပန်ကာက အပူလွန်ပြီး လောင်တာ။ လောင်အားကောင်းပြီး ပတ်ဝန်းကျင်က အိမ်တွေပါ ကူးခဲ့တာ။ အိမ်တွေကတော့ အစုံပဲ” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပေမဲ့ လူနဲ့တိရစ္ဆာန် သေဆုံး၊ ထိခိုက် ဒဏ်ရာ ရတာ မရှိဘဲ ဆုံးရှုံးတဲ့တန်ဖိုးကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီ မီးလောင်မှုကို ပုသိမ်မြို့မီးသတ်စခန်းက မီးသတ်ယာဉ် ၄ စီး၊ ရေသယ်ယာဉ် ၂ စီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ပစ်တိုင်းထောင် လူမှုကူညီကယ်ဆယ်ရေးအသင်းက အဖွဲ့ဝင်တွေ၊ ရပ်ကွက်နေ ပြည်သူတွေ ပူးပေါင်းဝိုင်းဝန်းငြှိမ်းသက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်၊ မြွေဟောက်ကျေးရွာမှာ မီးလောင်လို့ နေအိမ် ၂ လုံး ပျက်စီးခဲ့ပြီး ရေကြည်မြို့နယ် သခွတ်ကုန်းကျေးရွာမှာလည်း မီးလောင်တာကြောင့် အိမ်နဲ့ ဂိုဒေါင်ပျက်စီးခဲ့ပါတယ်။









