
၂၀၂၅ ခုနှစ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေ အသေအပျောက် အများဆုံးနှစ် ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ဒီအစီရင်ခံစာကို ဖေဖော်ဝါရီ ၂၆ ရက်က ထုတ်ပြန်ခဲ့တာပါ။
ပြီးခဲ့တဲ့နှစ်အတွင်း ကလေးသူငယ်ပေါင်း ၂၉၄ ယောက်သေဆုံးခဲ့တယ်လို့ အများပြည်သူ သိရှိနိုင်တဲ့ သတင်းရင်းမြစ်တွေကနေ စုဆောင်းထားတဲ့ ကိန်းဂဏန်းတွေအရ သိရပြီး နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အတည်ပြုထားပြီးသားစာရင်းအရ ကလေးငယ် ၂၈၇ ယောက် သေဆုံးခဲ့ရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒီလို ထိခိုက်သေဆုံးရတာရဲ့ အဓိကအကြောင်းအရင်းကတော့ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့်ဖြစ်ပြီး ၂၀၂၅ ခုနှစ်ဟာ ၂၀၂၄ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၂ ရာခိုင်နှုန်း မြင့်တက် လာတယ်လို့လည်း ဆိုပါတယ်။
အဆိုးရွားဆုံးဖြစ်စဉ်ကတော့ ၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့၊ အိုးတိမ်တွင်းရွာ က စာသင်ကျောင်းတကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ကျောင်းသား ၂၂ ယောက်သေဆုံးခဲ့ရပါတယ်။
၂၀၂၅ ခုနှစ်မှာ အသက် ၁၄ နှစ်ကနေ ၁၇ နှစ်အတွင်းမှာရှိတဲ့ လူငယ် ၄ ယောက်ဟာ စစ်အုပ်စုရဲ့ အသစ်ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနဲ့ ဖမ်းဆီးအရေးယူခံခဲ့ရတာလည်း ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းမှာ ကလေးသူငယ်နဲ့ မိခင်ပေါင်း ၅ သိန်းခွဲလောက်ဟာ စားနပ်ရိက္ခာ ဖူလုံမှု အခြေအနေတွေ လျော့ကျလာတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။
ငလျင်နဲ့ စစ်မက်ဖြစ်ပွားတာတွေကြောင့် ကလေးသူငယ်ပေါင်းများစွာ စိတ်ဒဏ်ရာတွေ ခံစားနေရ ပေမဲ့လည်း ကုသပေးနိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက နည်းပါးလွန်းတယ်လို့လည်း အစီရင်ခံစာက ထောက်ပြထားပါတယ်။


