
အာဏာသိမ်းစစ်တပ်ရဲ့ လေတပ်က သုံးနေတဲ့ ချက်နိုင်ငံထုတ် Let L410 အမျိုးအစား အင်ဂျင် ၂ လုံးတပ် ခရီးတိုသယ်ယူပို့ဆောင်ရေးလေယာဉ်သစ် ၂ စင်း မြန်မာနိုင်ငံကို ထပ်ရောက်လာတယ်လို့ Myanmar Witness အဖွဲ့က ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
နောက်ဆုံး အဲဒီ ၂ စင်းထဲက နောက်ဆုံး တစင်းဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ထပ်ရောက်လာတာလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း အဲဒီအမျိုးအစား လေယာဉ် ၃ စင်း ရောက်ခဲ့တယ်လို့ Myanmar Witness ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီလေယာဉ်တွေကို စစ်တပ်က အသုံးပြုနေတဲ့ သက်သေအထောက်အထားတွေကို မှတ်တမ်းတင် ထားနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ချက်အစိုးရကတော့ အဲဒီလေယာဉ်တွေကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) ထံ အရပ်ဘက်သုံးဖို့ သာ ရည်ရွယ်ပြီး ထောက်ပံ့ပေးခဲ့တာလို့ လူသိရှင်ကြား ပြောဆိုထားပါတယ်။
ဒါပေမဲ့ အထောက်အထားတွေနဲ့ ဆန်းစစ်ချက်တွေအရတော့ ပြီးခဲ့တဲ ၁၂ နှစ်တာကာလအတွင်း MAI လိုမျိုး အရပ်ဘက်လေကြောင်းလိုင်းတွေဆီကို လေယာဉ်တွေ လွှဲပြောင်းပေးပို့ပြီးတဲ့နောက် မြန်မာစစ်တပ်က ပြန်လည်အသုံးပြုနေတဲ့ ဖြစ်စဉ်တွေကို ခိုင်ခိုင်လုံလုံ မှတ်တမ်းတင်ထား နိုင်တယ်လို့ ‘Myanmar Witness’ က ထုတ်ပြန်ပါတယ်။


