
စစ်ကောင်စီအနေနဲ့ အင်တာနက်သုံးစွဲသူတိုင်း လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်အောင် စေတနာထားပြီး ဖန်တီးပေးထားသလို အင်တာနက်ဝန်ဆောင်မှု ပေးနေသူတွေဘက်ကလည်း စျေးနှုန်းချိုသာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်၊ ရတနာပုံမြို့သစ်မှာ ကျင်းပတဲ့ Digital Myanmar နည်းပညာ နှီးနှောဖလှယ်ပွဲနဲ့ ပြပွဲမှာ စစ်ခေါင်းဆောင်က ပြောခဲ့တာပါ။
စစ်ခေါင်းဆောင်က “မိမိတို့အစိုးရ တာဝန်ယူစဉ်ကာလအတွင်း အင်တာနက်ကို လွယ်ကူမြန်ဆန်စွာ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အင်တာနက်ဝန်ဆောင်မှု ရယူထားသူတွေဘက်ကလည်း လူတိုင်း အသုံးပြုနိုင်တဲ့ စျေးနှုန်းချိုသာတဲ့ အင်တာနက်ချိတ်ဆက်မှု ရရှိအောင် ဆောင်ရွက် ပေးမယ်ဆိုရင် မြို့ပြနဲ့ လက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေက အမျိုးသမီးတွေ၊ လူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေပါ ဒစ်ဂျစ်တယ်နည်းပညာကို အလွယ်တကူ အသုံးပြုနိုင်မှာ ဖြစ်တယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဒီလိုဆောင်ရွက်ရာမှာ ဆိုက်ဘာလုံခြုံရေးကို မြှင့်တင်ဖို့၊ ဒေသတွင်း ဆိုက်ဘာ တိုက်ခိုက်မှု တွေကို စုပေါင်းကာကွယ်ဖို့၊ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေကို နှိမ်နင်းဖို့နဲ့ သုံးစွဲသူတွေ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။
စစ်ခေါင်းဆောင် ဒီလိုပြောနေပေမဲ့ အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှုကို ပိတ်ပင်တားဆီး ကန့်သတ်မှုတွေ ရှိနေပြီး အခုဆို ၅ နှစ် ကျော်ကြာလာပြီလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တယောက်က ထောက်ပြပါတယ်။
“ပြည်တွင်းမှာ WiFi နဲ့ရော Data နဲ့ပါ အင်တာနက်သုံးရတာ အဆင်မပြေဘူး။ သတင်းတပုဒ် ဖတ်ဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတခု ကြည့်ဖို့တောင် VPN အမျိုးမျိုးသုံးပြီး ကြည့်နေရတာ ဖြစ်တယ်။ ဘယ်နေရာမှာ အင်တာနက်မြန်ဆန်လဲ၊ ရှိတဲ့ မြို့နယ်ရှိရင် ပြောပြပါ” လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်မှာ လူတိုင်း အင်တာနက်ကို လွတ်လပ်စွာ အသုံးပြုခွင့် ရခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ VPN အသုံးပြုပြီးမှသာ အင်တာနက် အသုံးပြုရတဲ့ အနေအထား ဖြစ်သွားတယ်လို့လည်း သူက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ တရုတ်နိုင်ငံနဲ့အတူ အဆိုးဆုံးအခြေအနေမှာ ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်မှတ်တမ်း တင်နေတဲ့ Human Rights Myanmar က ထုတ်ပြန်ထားပါတယ်။
Human Rights Myanmar ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၀၀ ကျော်ရဲ့ အင်တာနက်လွတ်လပ်ခွင့်ကို တိုင်းတာတဲ့ အညွှန်းကိန်း ၂၁ ခုအရ မြန်မာနိုင်ငံဟာ ၁၀၀ မှာ ၉ မှတ်သာ ရရှိခဲ့ပြီး အဆိုးဆုံးအခြေအနေမှာ တရုတ်နိုင်ငံနဲ့အတူ ရပ်တည်နေတယ်လို့ ဖော်ပြထား ပါတယ်။


