
တော့တင်ဟမ်စပါးအသင်းရဲ့ နည်းပြသစ် အီဂေါတူဒေါကတော့ သူ့ရဲ့ကစားသမားတွေဟာ လက်ရှိမှာ ကြံ့ခိုင်မှုပိုင်းရော၊ စိတ်ဓာတ်ပိုင်းပါ အားနည်းနေတယ်လို့ ပွင့်ပွင့်လင်းလင်း ဝေဖန် လိုက်ပါတယ်။
အာဆင်နယ်ကို ဂိုးပြတ် ရှုံးခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲအပြီးမှာ စပါးအသင်းဟာ တန်းဆင်းဇုန်နဲ့ ၄ မှတ်အကွာကို ရောက်သွားခဲ့တာပါ။
တူဒေါက ကစားသမားတွေအနေနဲ့ ရှုံးနိမ့်မှုကို အမြန်မေ့ဖျောက်ပြီး "စစ်သည်ကောင်း"တွေလို တိုက်ပွဲ ဝင်ကြဖို့ တောင်းဆိုထားပါတယ်။
အထူးသဖြင့် ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ကျဆင်းနေတာကြောင့် ပွဲချိန်တလျှောက်လုံး ဖိအားပေး ကစားဖို့ (Pressing) အခက်အခဲရှိနေပြီး ဒါကို အမြန်ဆုံး ပြုပြင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသင်းမှာ ဒဏ်ရာရကစားသမား များပြားနေချိန် လူငယ်ကစားသမားတွေအနေနဲ့ တာဝန်ယူစိတ်အပြည့်နဲ့ ရုန်းထွက်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
"ငါကတော့ အသင်းကို ကယ်တင်မဲ့သူပဲ၊ ငါ့ကိုဘောလုံးပေး" ဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကစားကြဖို့ လိုအပ်နေပြီး ဒီလို အကျပ်အတည်းကာလဟာ လူကြီးလူကောင်းတယောက် ဖြစ်လာဖို့ စိန်ခေါ်မှု တရပ်ပဲလို့ တူဒေါက ပြတ်ပြတ်သားသား ပြောပါတယ်။
Source:Reuters


