
ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေမှာ ထိခိုက်ဒဏ်ရာရရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ရာထူးအဆင့်နိမ့်တဲ့ တပ်သားတွေဟာ ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုနေရတယ်လို့ တပ်သားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သာပေါင်းနဲ့ ရေကြည်မြို့နယ်က အာရက္ခတပ်တော်ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲအတွင်း ဒဏ်ရာရရှိ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ အမှတ် ၄ စစ်ဆေးတပ် (မဆရ - ၄) ကို သယ်ယူဆေးကုသနေပေးနေတာဖြစ်ပြီး ရာထူးအဆင့်နိမ့် သာမာန်တပ်သားတွေ အများအပြားပါဝင်တယ်လို့ သိရပါတယ်။
ပုသိမ်မြို့ အနောက်တောင်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်သူတယောက်က “ရာထူးအဆင့်ကြီးတဲ့ ပြန်တမ်းဝင်အရာရှိတွေ၊ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးတွေကိုပဲ လိုအပ်သလို လုပ်ပေးတာ။ အောက်ခြေ တပ်သားတွေကိုတော့ လစာထဲကနေ နုတ်ယူလိုက်တာ။ ပြောရမယ်ဆို ကိုယ့်စရိတ်နဲ့ကိုယ် ဆေးကုရတာပါ” လို့ ပြောပါတယ်။
သာပေါင်းနဲ့ရေကြည်မြို့နယ်ထဲက တိုက်ပွဲတွေအတွင်း ဇန်နဝါရီလကနေ ဖေဖော်ဝါရီ ၂၆ ရက်အထိ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၃၀၀ ကျော်ရှိပြီး ရာထူးမြင့်တဲ့ တပ်ဖွဲ့ဝင်တွေ ကိုတော့ ရန်ကုန်တိုင်းထဲက စစ်ကောင်စီရဲ့ မင်္ဂလာဒုံစစ်ဆေးရုံကို ပို့ဆောင်ကုသတဲ့အထိ လုပ်ပေးတယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိတဲ့တပ်သားတွေနဲ့ နီးစပ်သူတယောက်က “ဒဏ်ရာရတဲ့တပ်သားတွေ မနည်းဘူးလို့ သိရတယ်။ အများစုက တပ်သားအဆင့်တွေချည်းပဲ။ သာမာန်တပ်သားလေးတွေသာ ဆေးဝါးကုသစရိတ် အဖြတ်ယူခံနေရတာ။ ရာထူးရှိတဲ့သူတွေကျ ပုသိမ်မှာ မကုချင်လည်း ရန်ကုန်မှာ ကုခွင့်ပေးတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်း၊ သာပေါင်းနဲ့ရေကြည်မြို့နယ်အတွင်း တိုက်ပွဲတွေကနေ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီ တပ်သားတွေထဲမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစစ်သားစုဆောင်းခံရတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
လတ်တလောမှာ ဧရာဝတီတိုင်းထဲက ရခိုင်ရိုးမအစပ်မှာရှိတဲ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ အမြောက်တပ် အမတ - ၃၄၄ အနီးနဲ့ လေးမျက်နှာမြို့နယ်တို့မှာ အာရက္ခတပ်တော် (AA)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။


